Connect with us

Hi, what are you looking for?

သတင်း

စားအုန်းဆီဝယ်ယူမှု သမစနစ်အတိုင်း စာအုပ်ထုတ်ပေး၍ စစ်ကောင်စီအား ပြင်းပြင်းထန်ထန် ဝေဖန်နေ

စားအုန်းဆီဝယ်ယူခွင့်ကို စစ်ကောင်စီက စာအုပ်ပြုလုပ်ပေးပြီး အဆိုပါ စာအုပ်ဖြင့်သာဝယ်ယူရမည့်စနစ်ပြောင်းလဲလိုက်ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောသည်။

ဆီဝယ်ယူရန် တန်းစီနေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ရဲခေါင်/People’s Spring

စားအုန်းဆီဝယ်ယူခွင့်ကို စစ်ကောင်စီက စာအုပ်ပြုလုပ်ပေးပြီး အဆိုပါ စာအုပ်ဖြင့်သာဝယ်ယူရမည့်စနစ်ပြောင်းလဲလိုက်ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောသည်။

လက်ရှိတွင် စားအုန်းဆီဝယ်ယူရန် ခက်ခဲနေချိန်တွင် ယခင်စစ်အစိုးရလက်ထက်ကအတိုင်း သမဝါယမဆိုင်များတွင် စာအုပ်ဖြင့် သတ်မှတ်ချက်အတိုင်းဝယ်ယူမှုစနစ်ကို ပြန်ကျင့်သုံးနေ၍ ပြည်သူများက စစ်ကောင်စီအား ပြင်းပြင်းထန်ထန်ဝေဖန်နေသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်လက်အောက်တွင် အကြပ်အတည်းမျိုးစုံအနက် စားအုန်းဆီဝယ်ယူရန်ခက်ခဲသော ပြဿနာမှာ နှစ်နှစ်နီးပါး ကြာမြင့်လာသော်လည်း ယခု ပြောင်းလဲသည့်စနစ်မှာလည်း ဖြေရှင်းနိုင်မည်မဟုတ်ဟု ဆိုသည်။

“အခုလည်း ရပ်ကွက်ကရာအိမ်မှူးဆိုတဲ့သူဆီမှာ အိမ်ထောင်စုစာရင်းပြပြီး တုံကင်ယူနောက်ရက်မှ ထုတ်ရတာပဲ။အခုက စာအုပ်ဖိုး ထပ်ပေးရဖို့ပဲရှိမှာ။ဆီပေးတဲ့ နှုန်းကပြောင်းမှာမဟုတ်ဘူးလေ”ဟု မြောက်ဒဂုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကအိမ်ထောင်စုတစ်ခုကို တစ်လလျှင် စားအုန်းဆီတစ်ပိဿာနှုန်းသာ ပေးခြင်းဖြစ်ပြီး လောက်ငှမှုမရှိဟု ၎င်းက အသိပေးသည်။

“ပြီးခဲ့တဲ့ ငါးနှစ်က စားဆီစျေးကွက်အရ စားအုန်းဆီက လူလေးဦးလောက်ရှိတဲ့ ပုံမှန်အိမ် ထောင်စုက တစ်လကို ဆီသုံးပိဿာ သုံးစွဲခဲ့ကြတယ်။မြန်မာနိုင်ငံတစ်ခုလုံးရဲ့ စားအုန်းဆီသုံးစွဲမှုက တန် ၇၀,၀၀၀ ကျော်ရှိတယ်။ဒါတွေအားလုံးဖြည့်နိုင်ခဲ့တယ်။အခုက တန်ချိန် ၃၀,၀၀၀ ပတ်ချာလည်ပဲ သွင်းခွင့်ရတဲ့အတွက် စျေးကွက်က ဘယ်လိုမှတည်ရမှာမဟုတ်ဘူး။ဘယ်စနစ် ပြောင်းပြောင်း ခက်ခဲနေမှာပဲ။လုပ်ငန်းရှင်တွေကို အပြည့်အဝ တင်သွင်းခွင့်ပေး။ဒါမှ စျေးကွက်ငြိမ်မယ်။လူထုလိုအပ်ချက် ဖြည့်နိုင်လိမ့်မယ်”ဟု စား ဆီလုပ်ငန်းရှင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိ စစ်ကောင်စီ၏ စားအုန်းဆီသတ်မှတ်ရည်ညွှန်းစျေးသည် တစ်ပိဿာ ၆,၃၇၅ ကျပ်ဟု သတ်မှတ် ထားသော်လည်း ပြင်ပစျေးကွက်တွင် တစ်ပိဿာ ကျပ် ၂၀,၀၀၀ဝန်းကျင်ဖြင့် ပြည် သူများ ဝယ်ယူသုံးစွဲနေရသည်။

“စစ်အစိုးရက တိုင်းပြည်ကို တိုးတက်အောင်လုပ်ပေးနေလား ဆုတ်ယုတ်အောင်လုပ်နေလား ဆိုတာ ဒါတွေကအဖြေပဲ။ ဟိုးအရင် သမဝါယခေတ်ကို နောက်ပြန်ဆွဲနေတာပါပဲ။ လူတွေမှာ စားအုန်းဆီရဖို့ တန်းစီရ၊ ဓာတ်ဆီရဖို့ တန်းစီရ နောက်ဆိုရင် ဆန်၊ ဆပ်ပြာ၊ စားသောက်ကုန်တွေ ဝယ်ဖို့တောင် တန်းစီရတဲ့ခေတ်ကို ပြန်ရောက်တော့မယ် ထင်ပါတယ်။ ခေတ်နောက်ပြန်ဆွဲပြီး ခုလိုပြည်သူတွေ ဒုက္ခရောက်အောင်လုပ်နေတဲ့ စကစကို ထောက်ခံအားပေးနေကြတဲ့ လူတွေကိုလည်း အံ့သြမိတယ်။ ပညာမတတ် ဦးနှောက်မရှိတဲ့သူတွေ တိုင်းပြည်ကို လက်နက်အားကိုးနဲ့ အုပ်ချုပ်တော့ နိုင်ငံစီးပွားရေး အနှုတ်လက္ခဏာဖြစ်လာတာ မဆန်းပါဘူး။ မအလ လက်ထက်မှာ နိုင်ငံခေတ်မီတိုးတက်အောင်လုပ်ဖို့ ဥာဏ်မမှီတော့ ခေတ်ကို နောက်ပြန်ဆွဲဖို့ပဲ ကြိုးစားလာတယ်လို့ မြင်မိပါတယ်”ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။

မရမ်းကုန်း မြို့နယ်နေသူတစ်ဦးကလည်း “အခု စားအုန်းဆီပေးတဲ့ တုံကင်စနစ်နဲ့တောင် ရပ် ကွက်အုပ်ချုပ်ရေးမှူးတွေက လာဘ်စားနေတာ။ဘယ်လိုစားလည်းဆိုရင် တစ်ပတ် တုံကင် ၅၀ (အိမ်ထောင်စု ၅၀)ချပေးတယ်ဆိုပြီး ပြောတယ်။ပြီးရင် အိမ်ထောင်စု သုံးဆယ်လောက်ပဲပေးတယ်။တုံကင် ၂၀ကို ကြတော့ အပြင်စျေးနဲ့ ဆီ ထုတ်ရောင်းနေတာ။အဲဒီလိုစားနေကြတာ။အခု စာအုပ်နဲ့က စာအုပ်ကြေးပေးရမယ်။သူတို့လက်မှတ်ပါရင် ထုတ်လို့ရတယ်သာ ပြောတယ်။ပြီးရင်ပေးမယ့် ဆီပိဿာကို တိတိကျကျမပြောထားဘူး။သူတို့ စားပေါက်အတွက် လုပ်ဦးမှာပဲ”ဟု ပြောသည်။

အဆိုပါ စာအုပ်ဖြင့် ဝယ်ယူမှုကို စက်တင်ဘာလဆန်းပိုင်းတွင် စတင်မည်ဖြစ်ပြီး စာအုပ်ပိုင်ရှင်က ဆီဝယ်ယူရန် မအားလပ်ပါက ကိုယ်စားလှယ် လွှဲစာဖြင့် ထုတ်ယူနိုင်သလို ရပ်ကွက်ပြောင်းရွှေ့ပါက ဆီစာအုပ်ကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံပြန်လည်အပ်နှံရမည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)တွင် စစ်ကောင်စီတပ်​၏ ဒရုန်းဖြင့် ဗုံးကြဲ၍ အရပ်သား ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ဓါးပြတိုက်ခံရခြင်းမဟုတ်ဟု အိမ်ရှင်အား ပျူစောထီးများကခြိမ်းခြောက်ထွက်ဆိုခိုင်း

သတင်း

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်းနှင့် ဆေးတပ်မှ ဗိုလ်မှူးနှစ်ဦး (၃၃)ဗျူဟာနယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေသော ဒေါနစစ်ကြောင်းထံ အလင်းဝင်လာကြောင်း ဒေါနစစ်ကြောင်း ဗျူဟာ(၃၃ )စစ်ဆင်ရေးမှူး စောဒါးကိုက ပြောသည်။

သတင်း

ရွှေပြည်သာရပ်ကွက် နှင့်​ ကျေး​တောရွာရှိ အိမ်ထောင်စု ငါးရာခန့်ကိုစစ်တပ်က အဓမ္မ​ရွေ့​ပြောင်း