Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်နယ်တွင် စစ်ကောင်စီ သင်္ဘော ၅စီးတိုက်ခိုက်မှု ၂စီးပျက်စီးဟု KIAပြော

ကျန်ရေယာဉ်များအား ဆက်လက်တိုက်ခိုက်နေဟု အသိပေး

ထီးချိုင့်မြို့နယ်သို့ ရောက်ရှိလာသော စစ်ကောင်စီရေယာဉ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TR

ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့အနီးတွင် စစ်ကောင်စီ ၏ ရေယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်က ယမန်နေ့ (စက်တင်ဘာ ၁ရက်) ညနေပိုင်း၌ တိုက်ခိုက်ရာ ရေယာဉ် ၂စီးပျက်စီးခဲ့ကြောင်း KIA တာဝန်ရှိသူ နှင့်စစ်ရေးသတင်းရင်းမြစ်တို့က အတည်ပြုသည်။

စစ်ကောင်စီ၏ သံခွန်ရေယာဉ် ၅ စီးပါ ရေယာဉ်များကို ထီးချိုင့်နှင့် မြတောင်ကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်ကောင်စီ ရေယာဉ် များ တိုက်ခိုက်ဖျက်ဆီးနိုင်မှုကို ယနေ့ (စက်တင်ဘာ ၂ရက်) နံနက်တွင် အတည်ပြုသည်။

“ထီးချိုင့် ဧရာ၀တီမြစ်ရဲ့အရှေ့ဘက်ခြမ်းပေါ့ မြတောင်ဘက်ကနေဆန်တက်လာတဲ့ သင်္ဘော ၅စီးထဲက ၂စီးကို ကျနောတို့တပ်ပေါင်းစုအဖွဲ့တွေပေါ့နော် လက်နက်ကြီးနဲ့ပစ်ပြီးတော့မှဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ပျက်စီးသွားတဲ့ သင်္ဘော ၂စီးကို ထီးချိုင့်ဘက်ခြမ်းကိုသူတို့ ဆွဲထုတ်ထားတာကို တွေ့ရတယ်။ ကျန်နေသေးတဲ့ သင်္ဘောတွေလည်း ဆက်ပြီးတော့ဆန်တက်ဖို့ ထီးချိုင့်ဘက်ခြမ်းကနေ ကြိုးစားနေတာတွေ့ရပါတယ်။ ဆက်ပြီးမှ ဖျက်ဆီးဖို့လည်း သက်ဆိုင်ရာ စစ်ကြောင်းတွေလည်း ကြိုးစားနေတာကို ကျနော်တို့ ကြားသိရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ရေးသတင်းရင်းမြစ်ကလည်း “၂စီးကို ထီးချိုင့်နဲ့ မြတောင်ကြားမှာ KIA ပူးပေါင်းအဖွဲကမှ ပစ်ခတ် ဖျက်စီးလိုက်ပြီ။ ကျန် ၃စီးက ရေလည်မှာ ရပ်နေတယ်။ ကျန် ၃စီးကို ပစ်နေဆဲပါ”ဟု ပြောပြသည်။

စစ်​ရေယာဥ်များ ကို အ​ပေါ်မှ စစ်​ကောင်စီ ​လေယာဥ်က လိုက်ပါပျံသန်း၍ မြစ်ကမ်းမှ​တော်လှန်​ရေးအဖွဲ့များ မတိုက်ခိုက်နိုင်​စေရန် ပစ်ခတ်တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့​ကြောင်းလည်းသိရသည်။

KIA စစ်ရေးသတင်းများ ဖော်ပြလျက်ရှိသည့် 7Stars News ကလည်း ထီးချိင့်မြို့အနီးတွင်စစ်ကောင်စီ စစ်သင်္ဘော ၂စီးကို KIAနှင့် PDF ပူးပေါင်းတပ်က ဖျက်ဆီးနိုင်ခဲ့ကြောင်း ယမန်နေ့ညတွင် သတင်းဖော်ပြထားသည်။

စက်တင်ဘာ ၁ရက်ညနေ ၅နာရီ ပတ်ဝန်းကျင်တွင် ထီးချိုင့်မြို့၊ ပန်းရွှေဝါ၊ ပန်းတောက်လှ ဆိပ်ကမ်းတွင် စစ်သင်္ဘော (၇)စီးကမ်းကပ်ခဲ့ပြီး ဆက်လက်တက်လာသော စစ်သင်္ဘော (၂)စီးကို တော်လှန်ရေးတပ်များမှ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ် ကြောင်းဖော်ပြသည်။

ထီးချိုင့်ဒေသစစ်ရေး အခြေအနေများ ဖော်ပြလျက်ရှိသည့် Tigyaing Revolution(TR) Facebook စာမျက်နှာတွင် စစ်ရေယာဉ် တိုက်ခိုက်ခံရမှုကို ဖော်ပြမထားသော်လည်း ယမန်နေ့ ညနေတွင် စစ်ကောင်စီ သင်္ဘော ၅စီး ထီးချိုင့် နယ်အတွင်း ဝင်လာကာ အထက်သို့ ဆန်တက်နေသည့် အခြေအနေကိုအသိပေးထားသည်။

ထို့နောက် အဆိုပါသင်္ဘောများ(ရေယာဉ်များ) နှင့်အတူ တိုက်လေယာဉ် တစ်စီးဝဲပျံကာ အစောင့်အရှောက်အဖြစ်လိုက်ပါလာသည်ဟုလည်း ဖော်ပြထားသည်။

ယမန်နေ့ ညနေ ၅နာရီ ၃၄မိနစ်တွင် ထီးချိုင့် မြတောင်၊ ဖုန်ကုန်းလေး နေရာများသို့စစ်ကောင်စီ တိုက်လေယာဉ်က ၃ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း Tigyaing Revolution က ဖော်ပြခဲ့သည်။

Tigyaing Revolution၏ ယနေ့မနက်ဖော်ပြချက်တွင် ထီးချိုင့်၌ ဆိုက်ကပ် ညအိပ်ခဲ့သော သင်္ဘော ၅စီးသည် ယနေ့ နံနက် ၅နာရီ ၅၀ ခန့်မှစ၍ ကသာဘက် ဆန်တက်နေကြောင်း၊ Y12 လေယာဉ်မှ လုံခြုံရေးပေးကာ သင်္ဘောပေါ်မှာလည်း ကမ်းနားဝဲယာသို့ ရမ်းသမ်းပစ်ခတ် နေသည်ဟု ဆိုသည်။

ယခင်ကလည်း ဧရာ၀တီမြစ်ကြောင်းအတိုင်း စစ်အင်အားနှင့်လက်နက်ခဲယမ်းများဖြည့်တင်းလာသည့် စစ်ကောင်စီရေယာဉ်များကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

လက်ရှိတိုက်ပွဲဖြစ်ပွားရာ ထီးချိုင့်မြို့နယ်တွင် KIA/PDFနှင့် အခြားတော်လှန်ရေးပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် တိုက်ပွဲများ ဆင်နွှဲခဲ့ပြီးအောင်မြင်မှုရရှိထားသည်။

မကြာသေးမီကပင် မြတောင်ဗျူဟာ အပါအဝင် ဒေသတွင်း စစ်ကောင်စီတပ်စခန်း ၇ခုထက်မနည်းကို ပူးပေါင်းတပ်များက သိမ်းပိုက်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

KNLA၊ PDF ပူးပေါင်းတပ်က ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ၈ဦးသေဟု SOF ထုတ်ပြန်

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်တပ်ကုန်း)အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေရာ ယနေ့(စက်တင်ဘာ ၁၃)ည ၇နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက Y-12လေယာဉ်ဖြင့် ဗုံးပတ်ကြဲနေသည်။

သတင်း

ထိုင်းနိုင်ငံတွင် Non-ED ဗီဇာဖြင့် ကာလတိုသင်တန်း တတ်ရောက်နေသည့်‌ မြန်မာကျောင်းသားများကို PE အမျိုးအစားဖြင့်နိုင်ငံကူးလက်မှတ်(Passport)သတ်တမ်းတိုးခြင်းအား လုပ်ဆောင်ပေးတော့မည်မဟုတ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

သတင်း

လက်နက်ကြီး နှင့် လေကြောင်းပစ်ခတ်မီးရှို့ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တအိမ်တက်ဆင်းမီးရှိုခြင်းတို့ ပြုလုပ်ဟု သတင်းရင်းမြစ်အချို့ပြော