Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံ၌ ရွှေ့ပြောင်းကလေးငယ်တစ်ထောင်ကျော် ပညာသင်နေသော မြန်မာစာသင်ကျောင်း ပိတ်သိမ်းခံရ

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ မြန်မာရွှေ့ပြောင်းကလေးငယ် တစ်ထောင်ကျော် ပညာသင်ကြားနေသည့် မေတ္တာရိပ်စာသင်ကျောင်း ပိတ်သိမ်းခံရကြောင်း အဆိုပါစာသင်ကျောင်းအုပ်ဆရာ ဇော်ခိုင်မျိုးက ပြောသည်။

မြန်မာရွှေ့ပြောင်းကျောင်း မေတ္တာရိပ်အား ထိုင်းအာဏာပိုင်တွေက ပိတ်သိမ်းစာကပ်ထားစဉ်။ ဓာတ်ပုံ - CJ

ကိုပုဂံ/People’s Spring

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ မြန်မာရွှေ့ပြောင်းကလေးငယ် တစ်ထောင်ကျော် ပညာသင်ကြားနေသည့် မေတ္တာရိပ်စာသင်ကျောင်း ပိတ်သိမ်းခံရကြောင်း အဆိုပါစာသင်ကျောင်းအုပ်ဆရာ ဇော်ခိုင်မျိုးက ပြောသည်။

မေတ္တာရိပ်မြန်မာရွှေ့ပြောင်း စာသင်ကျောင်းသည် ထိုင်းပညာရေး ဝန်ကြီးဌာန​၏ ဥပဒေလိုက်နာမှုမရှိသည့်အတွက် လုပ်ငန်းအားလုံး လုပ်ကိုင်ခွင့် ရပ်ဆိုင်းကြောင်း ထိုင်းပညာရေးဌာန အဆိုပါကျောင်းအား ပိတ်သိမ်းစာ စက်တင်ဘာ ၄ရက်က လာရောက်ကပ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆူရတ်ဌာနီခရိုင်ပညာရေးရုံးက ၂၀၀၇ ပုဂ္ဂလိက ကျောင်းများ အက်ဥပဒေအရ တည်ထောင် ဆောက်လုပ်ခွင့်မရှိဘဲ လုပ်ဆောင်သည့်အတွက် လုပ်ငန်းအားလုံး ရပ်ဆိုင်းရမည်ဟု တားမြစ်စာ ထုတ်ထားသည်။ ပညာရေးဌာန​၏ ထုတ်ပြန်ထားမြစ်ချက်တွင် တရားဥပဒေအရ အရေးယူရန် ပြင်ဆင်ဆောင်ရွက်နေကြောင်းလည်း ပါရှိသည်။

“၄ရက်နေ့ကလာပြီး စာကပ်တယ်။ ဒီနေ့တခါ လာစစ်တယ်။ ထိုင်းပညာရေးရော၊ စရဖတွေရောလာတာ။ ကျောင်းကပိတ်ထားတော့ ဘာမှမလုပ်ဘဲပြန်သွားတယ်။ သူတို့ပြောတာတော့ ဥပဒေအရ တရားမဝင်ဘူးပြောတာပဲ”ဟု ဆရာဇော်ခိုင်မျိုးက ပြောသည်။

လက်ရှိတွင် ပညာသင်နေသော ကျောင်းသူ၊ကျောင်းသား ၁,၂၀၀ခန့်ရှိပြီး ထိုင်းဆရာများအပါအဝင် ဆရာ၊ဆရာမ ၃၅ဦးရှိသည်ဟု ၎င်းက ပြောသည်။

သူငယ်တန်းမှ ၁၁တန်းအထိ ပညာသင်ကြားနေပြီး ကျောင်းသားတစ်ဦးလျှင် တစ်နှစ်အတွက် ကျောင်းလခ ဘတ် ၆၀၀ကောက်ခံကြောင်း ကျောင်းအုပ်ဆရာက ရှင်းပြသည်။

အဆိုပါ ကျောင်းအား ထိုင်းသူဌေးတစ်ဦးက တာဝန်ခံ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် လိုက်လံဖြေရှင်းနေသည်ဟု ဆိုသည်။ စာသင်ကျောင်းအား ၂၀၂၂ ကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရွှေ့ပြောင်းမြန်မာ​၏ ကလေးငယ်များ ပညာသင်ကြားနေသော ကျောင်းဖြစ်သည်။

“ဒီထောင်နဲ့ ချီရှိတဲ့ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ ကျောင်းအခုလို ပိတ်ခံရတာတော့ စိတ်မကောင်းပါဘူး။ ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းအလုပ်သမားကလေးတွေ ကျောင်းဖွင့်မယ်ဆိုရင်တော့ အတက်နိုင်ဆုံး ထိုင်းအစိုးရ သက်မှတ်ထားတဲ့ ဥပဒေ စည်းမျဥ်းစည်းကမ်းကို လိုက်နာဖို့လိုပါမယ်။ ပိုပြီးအရေးကြီးတာက ဒေသခံထိုင်းလူမျိုးတွေရဲ့ ကူညီရိုင်းပင်းမှုရအောင် ဆောင်ရွက်ဖို့လိုပါလိမ့်မယ်”ဟု ထိုင်းနိုင်ငံတောင်ပိုင်း ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

ထိုင်းနိုင်ငံ နေရာအနှံ့တွင် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းများရှိပြီး အချို့မှာ တရားဝင်ဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလာသူ အများ​စု၏ ကလေးငယ်များမှာ အဆိုပါ စာသင်ကျောင်းများ၌ ပညာသင်ကြားနေရသည်။

လက်ရှိတွင် ထိုင်းအစိုးရက ရွှေ့ပြောင်းလုပ်သားများအား စီမံချက်ဖြင့် စစ်ဆေးမှုတင်းကြပ်နေပြီး တရားမဝင်နေထိုင်သူ မြန်မာအချို့ ဖမ်းဆီးခံနေရသည်။ ထို့အပြင် ဈေးရောင်းချသည့် မြန်မာဆိုင်များပါ စစ်ဆေးမှုပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

တစ်နေ့လုပ်ခ ဘတ် ၄၀၀ ရတယ်ဆိုပါစို့။ အရင်က မိသားစု စားဖို့တောင် သူများဆီက ငွေချေးနေရတဲ့သူတစ်ယောက်အတွက် ဒီငွေဟာ ဘယ်လောက်တောင် အဓိပ္ပာယ်ရှိမလဲ။ ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်ဖို့၊ မိဘတွေရဲ့ ကျန်းမာရေးအတွက် ငွေပို့ပေးနိုင်ဖို့၊ နောက်တစ်နေ့ ဘာစားရမလဲဆိုတဲ့ စိုးရိမ်စိတ် မရှိဘဲ အိပ်ပျော်နိုင်ဖို့ဆိုတာ သူတို့အတွက် အိပ်မက်တစ်ခုလိုပါပဲ။

သတင်း

ပါကစ္စတန် နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ အမိုးပြိုကျလို့ ကလေး ၃၄ ဦးနဲ့ ဆရာမ ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့က တပ်နယ်အထက်တန်းကျောင်းမှာ စစ်တပ်ရဲ့ စစ်ဗိုလ်တစ်ဦးက ကျောင်းသားတွေကို တန်းစီခိုင်းပြီး ဆံပင်တွေကပ်ကြေးနဲ့ လိုက်ညှပ်ခဲ့တဲ့ ရုပ်သံတစ်ခုထွက်ပေါ်နေပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ် နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ အာဏာသိမ်းပြီး ၅နှစ်ကျော်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၅၉လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသူကျောင်းသားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုက အောက်တိုဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။