Connect with us

Hi, what are you looking for?

သတင်း

TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့ကို စစ်ကောင်စီ ညအချိန် လေကြောင်းဗုံးကြဲပြည်သူ ၁၁ဦးသေဆုံး၊ ၁၂ဦးဒဏ်ရာရ

ကလေးငယ်၊ ကိုယ်ဝန်ဆောင်အပါအဝင်မိသားစုလိုက်သေဆုံးမှုရှိဟု တအာင်းအမျိုးသမီးအဖွဲ့အသိပေး

စစ်​ကောင်စီ ဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ- TWO

ဟန်နွေ/People’s Spring

TNLA သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက စက်တင်ဘာ ၆ရက်နံနက်အ​စောပိုင်း တွင်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ ၁၁ဦးသေဆုံး ၁၂ဦး ဒဏ်ရာရ ခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့(TWO)ကထုတ်ပြန်သည်။

စက်တင်ဘာ ၆ရက်မနက်အစော ၁နာရီခွဲ(စက်တင်ဘာ ၅ရက် ညသန်းခေါင်ကျော်) အချိန်တွင် နမ့်ခမ်းမြို့ကို လေယာဉ်ဖြင့် တိုက်ခိုက်လာခြင်းဖြစ်သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“လေယာဥ်လာသံကို မကြားရဘူး ပထမ ပစ်လိုက်တဲ့အချိန်မှ ကြားတာ ၂ ခါ လာပစ်သွားတယ် ညစျေးတန်းအနောက်နားနဲ့ ကျားဖြူခန်းမဘက်မှာ ကျတယ် ထိခိုက်မှု များတယ်”ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်ကို TWOက ထုတ်ပြန်သည်။

သတင်းရင်းမြစ်တစ်ဦးကလည်း စက်တင်ဘာ ၆ရက် နံနက် ၁နာရီ ၂၆ မိနစ်တွင်စစ်ကောင်စီက နမ့်ခမ်းမြို့သို့လေယာဉ်ဗုံး ၃လုံးကြဲချခဲ့ဟု ပြောသည်။

လေကြောင်း တိုက်ခိုက်ခံရမှု ရုပ်သံမှတ်တမ်းကိုလည်း ဖော်ပြရာ နေအိမ် နှင့် ကားအချို့ ဆိုးရွားစွာပျက်စီး မီးလောင်ခဲ့သည်ကိုလည်း တွေ့ရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်ကိုယ်၀န်ဆောင် အပါအ၀င် မိသားစုလိုက် သေဆုံးမှု ရှိပြီး ဒေသခံ အများအပြား ဒဏ်ရာရရှိကာ နေအိမ်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နှင့် အဆောက်အဦးတချို့မီးလောင်ခဲ့ဟု TWOက ထုတ်ပြန်သည်။ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ဆက်လက်စုံစမ်းနေကြောင်း အသိပေးသည်။

လေကြောင်း တိုက်ခိုက်ခံရမှု ဓါတ်ပုံမှတ်တမ်းများကိုလည်း ဖော်ပြခဲ့ရာ ထိခိုက်သူများတွင် ကလေးငယ်အချို့ ပါဝင်နေသည်ကိုတွေ့ရသည်။

စက်တင်ဘာ ၅ရက် နေ့လည်ပိုင်းတွင်နမ့်ခမ်းမြို့ကို လေယာဉ်ဖြင့် ၂ကြိမ်လာရောက်ဝဲပျံခဲ့ပြီးနောက်ညသန်းခေါင်တွင်ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။

နမ့်ခမ်းမြို့ကို တအာင်းတပ်မတော်(TNLA)က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကတည်းက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ နမ့်ခမ်းအပါအဝင် မြို့ ၇မြို့ကို TNLAက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၂၅ရက်မှ ပြန်လည်စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင်လည်း TNLAက မြို့ ၅ခုထက်မနည်းကို သိမ်းပိုက်ခဲ့ရာ စစ်ရေးအရ အထိနာနေသည့် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် TNLA ထိန်းချုပ်ရာမြို့များကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများပြု လုပ်နေခြင်းဖြစ်သည်။

ကွတ်ခိုင်၊ နမ့်ဆန်၊ သီပေါ၊ ကျောက်မဲ၊ မန်တုံမြို့များကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း TNLAက အသိပေးထားပြီး ယခုတွင် နမ့်ခမ်းမြို့ကို တိုက်ခိုက်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် သိန္နီ ၊ လောက်ကိုင် မြို့များ၊ ရက္ခိုင့်တပ်တော်(AA) သိမ်းထားသည့် မြောက်ဦးအပါအဝင် ရက္ခိုင်ပြည်နယ်ရှိ မြို့များကိုလည်း တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို ဟန့်တားပေးရန် နိုင်ငံတကာထံ တအာင်း၊ ကိုးကန့်နှင့် ရက္ခိုင်တပ်များကတောင်းဆိုထားသည်။အထူးသဖြင့် တရုတ်နိုင်ငံကို အဓိကထား တောင်းဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံက တော်လှန်ရေးတပ်ဖွဲ့များကိုသာ တိုက်ပွဲချက်ခြင်းရပ်ရန် ခြိမ်းခြောက်စာပေးပို့ခြင်း၊ ဖိအားပေးခြင်းတို့ ပြုလုပ်လျက်ရှိနေသည်။

တစ်ဖက်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းရင်းသားတပ်ဖွဲ့များ ဝင်ရောက်နေရာယူထားသည့် မြို့ရွာများကို လိုအပ်သလို တုံ့ပြန်မည်ဟု စက်တင်ဘာ ၃ ရက် တောင်ကြီး ခရီးစဉ်တွင် ပြောဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။