မိထက်/People’s Spring
ယာဂီ (YAGI)တိုင်ဖွန်းမုန်တိုင်းအရှိန် နှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဒေသအများစုတွင် မိုးများနိုင်ပြီး ရေဘေးသတိပြုရန်သတိပေးချက်များရှိနေသည်။
တောင်တရုတ်ပင်လယ်မှ အားကောင်းသည့် တိုင်ဖွန်းမုန်တိုင်း ယာဂီသည် ယနေ့ (စက်တင်ဘာဘ ၆ရက်)တွင် တရုတ်နိုင်ငံသို့ ဝင်ရောက်ပြီး ဗီယက်နမ်ကမ်းခြေကို စက်တင်ဘာ ၇ ရက်ညပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်သည်။ ထိုမှတဆင့် ထိုင်း၊ မြန်မာ၊လာအိုနိုင်ငံတို့ ထိစပ်နေသော ရွှေတြိဂံဒေသကို ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်ရွေ့လျားနိုင်ပြီး မြန်မာဘက်၌မုန်တိုင်းအရှိန်ကြောင့် မိုးများနိုင်ကြောင်း မိုးလေဝသအရေးလေ့လာသူ ဦးဝင်းနိုင်က သတိပေးထားသည်။
ထို့အပြင် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းလည်း ဖြစ်လာနိုင်ပြီး လက်ရှိရာသီဥတုအခြေအနေများကြောင့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့တွင် နေရာကွက်၍ စက်တင်ဘာလ ၇ ရက် မှ ၁၂ ရက်အတွင်း မိုးကောင်းနိုင်ကြောင်း သတိပေးထားသည်။
ထိုဒေသများ၌ ၂၄နာရီအတွင်း မိုးရေချိန် ၇လက်မခန့်မှ ၁၀လက်မခန့်အထိ ရွာနိုင်ကြောင်း မိုးလေဝသဝက်ဆိုက်များ၌ သတိပေးထားသည်။
ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းသည်လည်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ခြေ ၈၀ ရာခိုင်နှုန်းအထိအထိရှိနေကြောင်း မိုးလေဝသခန့်မှန်းချက်များထုတ်ပြန်ပေးနေသည့် ECMWF က ခန့်မှန်းထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) ကလည်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီကမ်းရိုးတန်း၊ မြစ်၀ကျွန်းပေါ် ၊ရခိုင်ကမ်းရိုးတန်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအချို့တွင် မိုးသည်းထန်နိုင်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်၊ ရန်ကုန်တိုင်း (ကိုကိုကျွန်းမြို့နယ်)၊ ဧရာ၀တီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်တို့တွင် စက်တင်ဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အတွင်း မိုးများနိုင်ကြောင်းသတိပေးထားသည်။ အဆိုပါ ဒေသများ၌ ရေဘေး၊ မြေပြိုမှုဘေးများ ကြိုတင်ကာကွယ်ရန် MOHADM က သတိပေးထားသည်။
ယာဂီမုန်တိုင်းသည် ဟိုင်နန်ပြည်နယ် အပါအဝင် တရုတ်နိုင်ငံတောင်ပိုင်းအတွက် အန္တရာယ်ကြီးမားပြီး ကျောင်းများ ပိတ်ထားသလိုလေယာဉ်ခရီးစဉ်အချို့လည်း ဖျက်သိမ်းကာ ကုန်းမြင့်ဒေသများ၌ မြေပြိုမှု အန္တရာယ်သတိပေးချက်များ ထုတ်ပြန်ထားသည်။
(ယာဂီတိုင်ဖွန်း ဂြိုလ်တုမြေပုံ နှင့် ဖြတ်သန်းဖွယ်ရှိသော မုန်တိုင်းလမ်းကြောင်း ။ဓါတ်ပုံ-wunderground ၊NY Times၊ NOAA)