Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ဆိုင်းတောင်တွင် တိုက်ပွဲပြင်းထန်၊ ဒေသခံများ အလံဖြူထောင်ပြီးဘေးလွတ်ရာထွက်ပြေး

တိုက်ပွဲတွင် PCGခေါင်းဆောင် ဦးယွပ်ဇော်ခေါင် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရဟုဆို

ဆိုင်းတောင်တွင် တိုက်ပွဲပြင်းထန်နေ၍ ဒေသခံများ အလံဖြူထောင်ပြီးဘေးလွတ်ရာထွက်ပြေး နေစဥ်။ ဓာတ်ပုံ - CJ

ဇော်ရမ်း၊ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်နေ၍ ဒေသခံများသည် အလံဖြူထောင်၍ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသည်။

ဆိုင်းတောင်ကျေးရွာတွင် ယမန်နေ့(စက်တင်ဘာ ၈ရက်) ညနေ ၃နာရီခွဲမှစ၍ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

” စစ်တပ်က မြေပြင်ကနေ စစ်ကြောင်းထိုးတယ်။ အဲဒီစစ်ကြောင်းကို ဗျူဟာကုန်းကနေလက်နက်ကြီးပစ်ကူပေးတယ်။ ဒါကြောင့် အရပ်သားတွေ အလံဖြူထောင်ပြီးတော့ ထွက်ကုန်ကြပြီ”ဟု ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆိုင်းတောင်ကျေးရွာသည် စစ်ကောင်စီဗျူဟာကုန်းနှင့် ရဲစခန်းကြား၌ တည်ရှိနေ၍ အရပ်သားများအတွက် လုံခြုံရေးအန္တရာယ်ကြီးမားနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီပစ်သည့်လက်နက်ကြီးများသည် လူနေအိမ်များအတွင်းကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုရှိကြောင်း ဆိုင်းတောင်ကျေးရွာဒေသခံများက ပြောသည်။

” အသက်ဘေးကနေ မနည်းလုပြေးရတယ်။ မြေပြင်တိုက်ပွဲမှာက ဘေးလွတ်ရာကို ရှောင်လို့ရတယ်။ အခုက လက်နက်ကြီးနဲ့ရမ်းပစ်နေတာစစ်တပ်က”ဟု နေရပ်စွန့်ခွာခဲ့သည့်ဒေသခံတစ်ဦးက ပြောသည်။

ဆိုင်းတောင်တွင် တိုက်ပွဲပြင်းထန်နေ၍ ဒေသခံများ အလံဖြူထောင်ပြီးဘေးလွတ်ရာထွက်ပြေး နေစဥ်။ ဓာတ်ပုံ – CJ

ထို့အပြင် ဆိုင်းတောင်တိုက်ပွဲအတွင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)ခေါင်းဆောင် ဦးယွပ်ဇော်ခေါင် လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာရခဲ့သည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဦးယွပ်ဇော်ခေါင် ဦးဆောင်သည့် PCGသည် ယခင်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်တပ်အကြား၊ KIO/KIAနှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး ကြားဝင်ညှိနှိုင်းပေးနေသကဲ့သို့ ကချင်ဒေသခံ ပြည်သူများနှင့် စစ်တပ်၊ ရဲများအကြား ပဋိပက္ခများ၊ ပြဿနာများ ပြေလည်မှုရအောင်လည်း ကြားဝင် ဖြေရှင်းပေးခဲ့သည်။

တစ်ဖက်တွင် ဦးယွပ်ဇော်ခေါင်ပိုင်သည့် ကုမ္ပဏီသည် မြစ်ဆုံအနီး ရွှေတူးဖော်မှု အလွန်အကျွံပြုလုပ်နေခြင်းကြောင့်ကချင်ဒေသခံများ၏ ကန့်ကွက်မှု ခံခဲ့ရသည်။

ထို့အပြင် ဖားကန့်မြို့တွင် စက်တင်ဘာ ၆ရက် ၁၀နာရီခန့်၌ကလည်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာနှစ်ဦး ဒဏ်ရာအပြင်းအထန်ရပြီး သေဆုံးခဲ့သည်။ ဖားကန့်မြို့တွင် လက်တလောဖြစ်နေသည့်တိုက်ပွဲများနှင့်ပတ်သက်၍ KIAက သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

“စစ်တပ်စစ်ကြောင်း ဗျူဟာထဲပြန်မဝင်ရင်တော့ တိုက်ပွဲက ဆက်ဖြစ်နေမှာ”ဟု KIA၊PDFနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။