Connect with us

Hi, what are you looking for?

သတင်း

တောင်းခမ်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ

နောင်ချိုမြို့နယ် နေရာသုံးခု၌ တိုက်ပွဲဆက်ဖြစ်ဟု TNLAအသိပေး

ဒီးဒီ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပစ်ကူပေးခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က ယနေ့ည အသိပေးထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၈၂ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်လျက်ရှိသည်ဟု TNLAက ဆိုသည်။

နောင်ချိုမြို့နယ်၌ နေရာသုံးခုတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ​၏ အမတ (၂၀၆)တပ်စခန်း၊ တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနှင့် မကျီးရေကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက် ၁၀နာရီကျော်တွင် စစ်ကောင်စီ အမြောက်တပ် (၂၀၆)တပ်စခန်း၌ လည်းကောင်း၊ နံနက် ၁၀နာရီ ၄၅မိနစ်တွင် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ် စခန်း ၌လည်းကောင်း၊ နေ့လည် ၁၂နာရီကျော် တွင် မကျီးရေကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တောင်ခမ်းကျေးရွာ၊ တောင်ရွှေကျေးရွာနှင့် စစ်ကောင်စီတပ် အမတ (၃၅၄)တပ်စခန်း နေရာများအား စစ်ကောင်စီက Y-12လေယာဉ်ဖြင့် (၇)ကြိမ် ဗုံး ၆၀လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLAက အသိပေးသည်။

TNLA၏ ယမန်နေ့ည ထုတ်ပြန်ချက်တွင် တောင်းခမ်း၌ စစ်ကောင်စီ၏ အမတ (၃၅၄) တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။

TNLA က အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်းသြဂုတ် ၂၉ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ကြောင့် လက်ကျန်ဖြစ်သော မစခ-၉၀၂နှင့် အမတ(၃၅၄)တပ်ရင်းနှစ်ခု ဆက်လက်သိမ်းပိုက်ရန် ကြိုးပမ်းရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ပွဲအတော်ပြင်းထန်ခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြားခဲ့သည်ဟု လွေးယေဦးက ပြောထားသည်။

သို့သော် ယနေ့ည ထုတ်ပြန်ချက်တွင် အမတ (၂၀၆)တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ယနေ့နေ့လည်က နောင်ချိုမြို့ရှိ အေရှားဝေါတိုးဂိတ်အနီးနှင့် သပြေရေရပ်ကွက်တွင်လည်း စစ်ကောင်စီက Jet Fighter ဖြင့်(၂)ကြိမ်လာရောက်ကြဲချခဲ့ပြီး ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် နှစ်ကြိမ် လာရောက် တိုက်ခိုက် ခဲ့သေးသည်။

“ဂျက်ဖိုက်တာနှစ်စီးနဲ့ လာချတာ။ ပထမနှစ်လုံးကတော့ လူထိခိုက်မှုမရှိ။ နောက်နှစ်လုံးကတော့ စုံစမ်းနေတုန်း”ဟု နောင်ချိုဒေသခံက ပြောသည်။

နောင်ချိုမြို့နယ်တိုက်ပွဲနှင့်ပတ်သက်ပြီး TNLAထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။

ထို့အပြင် သီပေါမြို့ရှိ စစ်ကောင်စီ ခမရ (၂၃) တပ်စခန်းနေရာတွင်လည်း ထောက်ပို့ယာဉ် Y8 ဖြင့် တစ်ကြိမ် လက်နက်ခဲယမ်းများ လာရောက်ကြဲချခဲ့သည်ဟု ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။