ဟန်နွေ/People’s Spring
မြန်မာနိုင်ငံအနှံ့ ရေကြီးရေလျှံမှုဘေးအန္တရာယ် ကျရောက်မှုနှင့်ပတ်သက်သည့် ပူးတွဲကြေညာချက်တစ်ရပ်ကို အမျိုးသားညီညတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့က ယနေ့ထုတ်ပြန်ခဲ့ရာ မြန်မာပြည်သူများအားထိရောက်စွာ ကူညီပေးရန် ကုလအပါအဝင် နိုင်ငံတကာထံ အကူအညီတောင်းဆိုလိုက်သည်။
စက်တင်ဘာလအစောပိုင်းတွင် တောင်တရုတ်ပင်လယ်၌ စတင်ဖြစ်ပေါ်ခဲ့သည့် အင်အား အလွန်ကြီးမားသည့် တိုင်ဖွန်းမုန်တိုင်း ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် နေရာအနှံ့အပြား မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကာ ဒေသခံ ပြည်သူ ထောင်နှင့်ချီ သေဆုံး၊ ပျောက်ဆုံးခဲ့ရဟု ဖော်ပြသည်။
ထို့ပြင် ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ (၇) သိန်းခန့် ထိခိုက်နိုင်မည်ဟု ခန့်မှန်း ထားပြီး လူနေအိမ်များပြိုကျ ပျက်စီးခြင်း၊ ပိုင်ဆိုင်ပစ္စည်းများ ဆုံးရှုံးခြင်း၊ လမ်းတံတားနှင့် အခြေခံ အဆောက်အအုံများ ပျက်စီးခြင်း၊ စိုက်ပျိုးမြေများ ရေလွှမ်းမိုးခြင်း၊ မွေးမြူရေးတိရိစ္ဆာန်များ သေကြေ ပျက်စီးခြင်းနှင့် ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့ဟု အသိပေးသည်။
မုန်တိုင်း၏အရှိန်နှင့် ရေဘေးအန္တရာယ်၏ ကြီးမားပြင်းထန်မှုကြောင့် အစားအစာ၊ သောက်သုံးရေ၊ လူသုံးကုန်ပစ္စည်းများနှင့် အမိုးအကာများထောက်ပံ့ပေးခြင်း လုပ်ငန်းများအပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိုက်ပျိုးမွေးမြူရေး စသည်တို့ ပြန်လည်ထူထောင်ရေးနှင့် ပျက်စီးသွားသည့်နေအိမ်နှင့် အခြေခံအဆောက်အအုံများ ပြန်လည် တည်ဆောက်ရေးတို့အတွက် အကူအညီများစွာ လိုအပ်လျက်ရှိ၍ လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများထံ တောင်းဆိုထားသည့် အချက် ၈ချက်ကို ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းတို့မှာ အရေးပေါ် လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးဆိုင်ရာ အကူအညီ များကို ရေဘေးသင့်ပြည်သူများအား အညီအမျှရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ အဆိုပါအကူအညီများကို သက်ဆိုင်ရာဒေသအသီးသီးရှိ လူသားစာနာဝန်ကြီးဌာန တာဝန်ခံများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများသို့ တိုက်ရိုက်ပံ့ပိုးပေးခြင်း ပြုလုပ်ပေးရန် တောင်းဆိုထားသည်။
ထို့ပြင် နိုင်ငံတကာကပေးအပ်သည့် လူသားစာနာမှုအကူအညီများကို နိုင်ငံရေးနှင့် စစ်ရေး တို့အတွက် အမြတ်ထုတ်ခြင်းမခံရအောင် အထူးသတိပြုဆောင်ရွက်ရန် နိုင်ငံတကာထံ တောင်းဆိုခဲ့သည်။
ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများသာမက ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကိစ္စရပ်များကိုပါ ရေတိုရေရှည် ပံ့ပိုးကူညီ ခြင်း ပြုလုပ်ပေးရန်လည်း တောင်းဆိုချက်၌ ဖော်ပြသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ရန်ပုံငွေကန့်သတ်ချက်များရှိသော်လည်း စစ်ဘေးနှင့် သဘာဝဘေးကို တပြိုင်နက်ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူများအတွက် နိုင်ငံတကာလှူဒါန်းမှုများ ရရှိစေရန် တိုက်တွန်းနှိုးဆော်ပေးရန်လည်း NUGနှင့် တိုင်းရင်းသား တော်လှန်ရေးတပ်များက တောင်းဆိုသည်။
ရေဘေးသင့်ပြည်သူများကို ထောက်ပံ့လှူဒါန်းမှုများအား ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးလုပ်ဆောင်ပေးရန် နှင့် လူသားချင်းစာနာမှုဦးစားပေး အခြေခံမူကို လက်ကိုင် ထား၍ ထိခိုက်လွယ်အုပ်စုများ၏ လိုအပ်ချက်များကိုပါ ထည့်သွင်း ကူညီပံ့ပိုးကူညီခြင်း၊ အကူအညီများ အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက်စီမံခန့်ခွဲပေးခြင်းနှင့် စနစ်တကျစောင့်ကြည့်ကွပ်ကဲခြင်း တို့ ပြုလုပ်ပေးရန် နိုင်ငံတကာထံ တောင်းဆိုထားသည်။
NUG ၊ KNU၊ KNPP၊ CNF တို့ အနေဖြင့်လည်း ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအား ရရှိနိုင်သည့် အရင်းအမြစ်များကို အသုံးပြု၍ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်ဟု အသိပေးသည်။
ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းသက်ရောက်မှု၏ နောက်ဆက်တွဲ ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် ထိခိုက်ခံစားရသည့် တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် တသားထဲ ရပ်တည်လျက်ရှိပြီး ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ထပ်တူ စာနာမိဟု ဖော်ပြသည်။
ထို့အပြင် ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြသည့် လူမှုရေး အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများကိုလည်း လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ကျေးဇူးတင် ကြောင်း၊ ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက်ကိုလည်း ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးတွဲ ကြေညာခဲ့သည်။
ရာဂီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံဒေသများသို့ ကူညီကယ်ဆယ်ရေးနှင့် ဒေသခံပြည်သူများကို ရေဘေးလွတ်ရာသို့ ရွေ့ပြောင်းရေးနှင့် အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးခြင်း လုပ်ငန်းများကို မြို့နယ်တာဝန်ခံများမှတဆင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း NUG၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်တွင် အသိပေးသည်။
လတ်တလော ရေကြီးရေလျှံမှုကြောင့် ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ စိုးမိုးနယ်မြေများတွင် ရေဘေးသင့်ပြည်သူများကို အကူအညီများ အချိန်မီရရှိနိုင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပကဖ၊ ပအဖအဖွဲ့များနှင့် လူသားစာနာတာဝန်ခံများက ရေဘေးသင့် အိမ်ထောင်စုများမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် စစ်ဘေးရှောင်များကို ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထောက် ပံ့ကူညီမှုများ ဆက်လက် ဆောင်ရွက်ပေးနေသည်ဟု သိရသည်။
ထို့အပြင် အခြားတိုင်းနှင့် ပြည်နယ်များအလိုက် ရေဘေးသင့်ပြည်သူများစာရင်းကောက်ယူခြင်း၊ လိုအပ်ချက်များကို ဆန်းစစ်ခြင်းနှင့် ထောက်ပံ့မှုပေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေပြီး
ထိုသို့ထောက်ပံ့နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းပေးကြသည့် စေတနာရှင်၊ အလှူရှင်များကိုလည်း ကျေးဇူးတင်ရှိကြောင်း NUG၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထပ်မံအသိပေးသည်။
“ရွာတွေထဲရေတွေအများကြီးစဝင်လာကတည်းက ပြည်သူတွေကို ရွှေ့ပြောင်းပေးနေကြတာ ပိတ်မိသူတွေကယ်ရင်းဖြစ်သွားတာပါ။နေရာက စစ်တောင်းမြစ်ဝှမ်းဒေသက မြစ်ကမ်းနဲ့နီးတော့ ဆယ်ရွာကျော်လောက် ရေနစ်နေကြတာ။ (အလယ်ပိုင်းတိုင်း) နေပြည်တော် PDFတပ်ရင်းတွေ ကော၊ တောင်ပိုင်းတိုင်းPDFတွေကော၊ ရေဘေးကယ်ဆယ်ရေးလုပ်ပေးနေရင်း ရေစီးနဲ့မျောပါသွားတာပါ။”ဟု နေပြည်တော်တပ်ရင်း(၉၀၁)က တာဝန်ရှိသူက ပြောသည်။