Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခန့်မှန်းခြေ ခြောက်သိန်းကျော်ရှိဟု ကုလထုတ်ပြန်

လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို USAID မှတဆင့် ဆက်လက်ပေးအပ်ရန် အမေရိကန်ဆောင်ရွက်နေဟုဆို

က​လောမြို့ ​ရေကြီးပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ- CJ

ထားအိ/People’s Spring

သတင်းအချက်အလက်များ အတည်ပြုနိုင်ရန် အခက်အခဲများရှိနေသော်လည်း နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦးခန့် ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)က ယနေ့(စက်တင်ဘာ ၁၇ရက်)တွင် ထုတ်ပြန်သည်။

တိုင်ဖွန်းယာဂီ၏ နောက်ဆက်တွဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးရေလျှံခြင်းများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကာ ရာနှင့်ချီ၍ သေဆုံးမှုများရှိခဲ့ပြီး အများအပြား ပျောက်ဆုံးလျက်ရှိကြောင်း ရန်ကုန်အခြေစိုက် OCHA ရုံးက ဖော်ပြသည်။

ရေကြီးခြင်းကြောင့် နေပြည်တော်နှင့် ပဲခူး၊ ကရင်နီ၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ အပါအဝင် တိုင်းနှင့် ပြည်နယ် ကိုးခုရှိ ၅၉ မြို့နယ်ကို ထိခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမူ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ဒေသခံပြည်သူများ ထောင်နှင့်ချီ၍ သေဆုံး၊ ပျောက်ဆုံးနေဆဲဖြစ်ပြီး ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ (၇) သိန်းခန့် ထိခိုက်နိုင်မည်ဟု ခန့်မှန်းထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ယနေ့ထုတ်ဝါဒဖြန့်သတင်းစာတွင် တိုင်းနှင့်ပြည်နယ် ၇ခုရှိ မြို့နယ် ၆၉မြို့နယ်၌ ရေကြီးခြင်းကြောင့် ပြည်သူ ၁၇၂ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ယခုအချိန်အထိ နေရာအများစုတွင် ရေလွှမ်းနေဆဲဖြစ်ပြီး ဘေးလွတ်ရာရွှေ့ပြောင်းခြင်းနှင့် အရေးပေါ်အကူအညီပေးခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း OCHA က အသိပေးသည်။ အခက်အခဲများ ရှိနေသော်လည်း လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည် ထိခိုက်မှုများကို စတင်သတင်းပေးပို့လျက်ရှိပြီး အခြေအနေပေးသည်နှင့်အမျှ တုံ့ပြန်ရေးလုပ်ငန်းများ စတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆက်လက်ဖော်ပြသည်။

ရန်ကုန်မြို့ အမေရိကန်သံရုံးကလည်း နိုင်ငံတဝန်း ရေကြီးမှုနှင့် ထိခိုက်ပျက်စီးမှုများ၏ နောက်ဆက်တွဲအဖြစ် အကျိုးသက်ရောက်မှုခံရသူများနှင့် ထိခိုက်လွယ်လူ့အသိုက်အဝန်းများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ(USAID)မှတဆင့် ဆက်လက်ပေးအပ်နိုင်ရန် ဆောင်ရွက်နေကြောင်း ယနေ့ ထုတ်ပြန်သည်။

နိုင်ငံတကာအသိုက်အဝန်းမှ ပံ့ပိုးကူညီသည့် လူသားချင်းစာနာမှုအကူအညီများအပါအဝင် သန့်ရှင်းသောရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများနှင့် အခြား အရေးပါသည့်ကယ်ဆယ်ရေးပစ္စည်းများကို အကူအညီအလိုအပ်ဆုံးဖြစ်သည့် အသိုက်အဝန်းများဆီသို့ ပေးပို့ရာတွင် ချောမွေ့မှုရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများကို တောင်းဆိုကြောင်း ဖော်ပြသည်။

ရှေ့လာမည့် ရက်များအတွင်း တိုင်ဖွန်းယာဂီ၏ အကျိုးသက်ရောက်မှုဒဏ်ခံရသူများကို အမေရိကန်ပြည်ထောင်စုက ဆက်လက်အကူအညီပေးအပ်သွားမည်ဟု အမေရိကန်သံရုံးက အသိပေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်