Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက အာဏာစွန့်ပြီးအကြမ်းဖက်မှုများကျူးလွန်ခဲ့​ကြောင်းဝန်ခံပြီးမှ ဆွေးနွေးရန်စဉ်းစားမည်ဟု TNLA တုံ့ပြန်

ငြိမ်းချမ်းရေးကိုအာဏာသိမ်းစစ်အုပ်စုကဆောင်ရွက်နေသရွေ့မျှော်လင့်စရာမရှိဟု TNLA ​ပြော

(နောင်ချိုမြို့ရှိ စစ်​တပ်၏ ၆၀၆ ဒုံးတပ်ရင်း သိမ်းပြီး​နောက် TNLA တပ်ဖွဲ့ဝင်များ ။ဓ ါတ်ပုံ- TNLA

ဟန်​နွေ၊သတိုး/People’s Spring

စစ်ကောင်စီက နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးမှုများ ပြုလုပ်လိုပါက ဦးစွာ အာဏာစွန့်ရန်လိုအပ်သကဲ့သို့ အမှားများ ကျူးလွန်ခဲ့မှု၊ ပြစ်မှုကျူးလွန်ခဲ့မှုများကို ဝန်ခံမှ ဆွေးနွေးရန် စဉ်းစားမည်ဟု ​မြောက်ပိုင်းမဟာမိတ် ညီ​နောင်သုံးဖွဲ့မှ တအာင်း တပ်မတော်(PSLF/TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားလိုက်သည်။

စက်တင်ဘာ ၂၆ရက်တွင် စစ်ကောင်စီက ​တော်လှန်​ရေးအဖွဲ့များကို လက်နက်စွန့်၍ ပါတီ​ထောင်​၍ စစ်​ကောင်စီ​ရွေး​ကောက်ပွဲဝင်ရန် ဖိတ်ခေါ်​ကြောင်းထုတ်ပြန်ချက် အပေါ် TNLA က ယခုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် လက်ရှိတွင် ၎င်းတို့ အဘက်ဘက်မှ ချို့ယွင်းလာခြင်း၊ ရှုံးနိမ့်မှုများလာခြင်း၊ စစ်ရေး၊ နိုင်ငံရေး နှင့် နယ်မြေရေးရာများ၌ များစွာ စွန့်လွှတ်လိုက်ရခြင်း တို့ကြောင့် ဖိအား ကြုံနေရသည့် အခြေအနေတွင်

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စိတ်ဓာတ်မြှင့်တင်နိုင်ရေး ဖန်တီးမှု ဖြစ်သည်ဟု မြင်ကြောင်း လွေးယေဦးက ပြောသည်။

“အဖက်ဖက်ကယိုယွင်းလာတယ်။ ရှူံးနိမ့်မှုတွေ ပိုများလာတဲ့အချိန်မှာ တစ်ဖက်မှာလည်းသူဖိအားတွေပိုများလာတယ်။ပြီးတော့ နောက်ကနေပါလာတဲ့သူကလည်း နည်းလာတဲ့အတွက်ကြောင့် ပါတီလိုမျိုး နည်းလမ်းကိုပဲ ပြန်သုံးတာဖြစ်တယ်။ဒီ

နည်းလမ်းက အခုမှတော့ မဟုတ်ဘူးပေါ့နော်။ စစ်အစိုးရအဆက်ဆက် တက်လာတဲ့ စစ်အာဏာရှင် ခေါင်းဆောင်အဆက်ဆက်က ဒီနည်းလမ်းကိုပဲ ကျင့်သုံးတာဖြစ်တယ်။တစ်ဖက်မှာတော့ ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးတော့ တစ်ဖက်မှာတော့ ဖိအားပေးပြီးတော့မှ အကြမ်းဖက်မှုတွေ ကျူးလွန်နေတာဖြစ်တယ်။အခုကလည်း စစ်ကောင်စီက အဲဒီလိုပဲ ၊မနေ့ကပဲ ကြေညာထားတယ်။ ဒီနေ့ကတော့ လားရှိုးမှာရော ပြီး‌တော့ ဒီအပေါ်မှာရော ဗုံးတွေလာကျဲသွားတယ်။အရပ်သား သေဆုံးမှုက ပိုလည်းများပါတယ်” ဟု လွေးယေဦးက ပြော သည်။

စစ်ကောင်စီသည် နိုင်ငံရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ပြီး နာရီပိုင်းအကြာတွင် လားရှိုးမြို့ ပေါ်ရှိ ပြည်သူလူထုနေထိုင်ရာနေရာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင် အပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့ ဖိတ်ခေါ်ချက်အတိုင်း ဆွေးနွေးလိုပါက TNLA အပါအဝင် တော်လှန်ရေးအဖွဲ့များအား အကြမ်းဖက်ကြေညာခြင်းကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း လွေးယေဦးကပြောသည်။

“နံပါတ် နှစ်အချက်က စစ်ကောင်စီဘက်ကလည်း အကြမ်းဖက်မှုတွေ သူကျူးလွန်နေပါတယ်။အများပြည်သူရှေ့မှာ ဝန်ခံပြီးတော့မှ အာဏာတွေစွန့်လွှတ်ပြီးတော့မှ ငြိမ်းချမ်းရေးဘက် အဲဒီလိုမျိုးဆွေးနွေးတဲ့ပုံစံမျိုးဖြစ်လာရင်တော့ ကျွန်မတို့ဘက်ကလည်း ဒီဆွေးနွေးမှုက တစ်မျိုးတစ်ဖုံပြောင်းလဲမှာဖြစ်ပါတယ်။အာဏာစွန့်ပြီးတော့မှ သူမှားကြောင်း ၊သူပြစ်မှုတွေကျူးလွန်တဲ့အကြောင်း ဝန်ခံပြီးမှပဲ ကျွန်မတို့ကဆွေးနွေးဖို့ အဲဒီလိုမျိုးဆိုရင်တော့ စဉ်းစားဖို့ရှိပါတယ်” ဟု၎င်းက ဆက်ပြောသည်။

ထို့အပြင်စစ်ကောင်စီထံမှ ငြိမ်းချမ်းရေးကို မျှော်လင့်စရာမရှိဟုလည်း ပြောသည်။ စစ်အာဏာရှင်များထံမှ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ငြိမ်းချမ်းရေးများ အမှန်တကယ်ရရှိနိုင်မည် မဟုတ်ဟုလည်း ၎င်းကဆိုသည်။

“ငြိမ်းချမ်းရေးက စစ်ကောင်စီက အာဏာသိမ်းတဲ့ အကြမ်းဖက်စစ်အုပ်စုကဆောင်ရွက်နေသရွေ့တော့ ဘာမှငြိမ်းချမ်းရေးမျှော်လင့်စရာလည်းမရှိပါဘူး။ မျှော်လင့်လည်း မမျှော်လင့် ချင်ပါဘူး” ဟု လွေးယေဦးက ပြောသည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် စစ်ကောင်စီတပ်စခန်း၈၀ ကျော်နှင့် မြို့ ၇မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယ ပိုင်းတွင် နောက်ထပ် မြို့ ၅မြို့နှင့် စစ်ကောင်စီတပ်စခန်းများစွာ သိမ်းပိုက်နိုင်ခဲ့သည်။

တရုတ်အစိုးရက တိုက်ပွဲချက်ချင်းရပ်ရန် ခြိမ်းခြောက်ဖိအားပေးနေသည့် ကြားမှာ TNLAသည် စစ်ကောင်စီတပ်များကို ​တောင်ခမ်းနှင့် သီ​ပေါမြို့ရှိစစ်တပ်လက်ကျန်စခန်းများကိုဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီ၏ ယခုကဲ့သို့ နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ CNF အပါအဝင် တော်လှန်ရေးအဖွဲ့များက အယုံအကြည်မရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဆွေးနွေးမှုများ ဖြစ်ပေါ်လာနိုင်ရေးအတွင် ဘုံနိုင်ငံရေး ရပ်တည်ချက်များကို တော်လှန်ရေးအဖွဲ့များက ယခု ဇန်နဝါရီလကုန်ကတည်းက အသိပေး ထုတ်ပြန်ထားရာ စစ်တပ် နိုင်ငံရေးက ထွက်ပြီး အရပ်သား အုပ်ချုပ်မှုအောက် ခံယူရန်လိုအပ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲခြင်းကို လက်ခံရမည်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း ပြောထားသည်။

ထို့ပြင် စစ်ကောင်စီ အနေဖြင့် ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့သည့် အမှုကြီး၊ အမှုငယ် ရာဇဝတ်မှု ပေါင်းစုံအတွက် အားလုံးကို တာဝန်ခံရမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

ထိုသို့ လက်ခံခြင်းမရှိပါက နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် ဘက်ပေါင်းစုံမှ ဖိအားပေးပြီး စစ်ကောင်စီ အမြစ်ပြတ်ရေး ကြိုးပမ်းသွားမည်ဟု ပဒိုစောတောနီးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။