Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းတွင် စစ်ကောင်စီကလိုင်စင်မဲ့ဆိုင်ကယ်ဖမ်းဆီးသည်အ​​ကြောင်းပြ၍ တန်ဖိုးကြီးဆိုင်ကယ်များကို သိမ်းယူ​နေ

စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းလိုင်စင်မဲ့ဆိုင်ကယ်ဖမ်းဆီးသည်ဆိုကာ တတိုင်းလုံးအတိုင်းအတာအားဖြင့်လုပ်လာ ပြီး ဒေသခံပြည်သူများပိုင်ဆိုင်သည့် သိန်းရာချီတန်ဆိုင်ကယ်များကိုသိမ်းယူနေကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတိုင်းတွင် စစ်​ကောင်စီ ရဲများက ပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီး​နေစဥ်။(ပုံ​​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ

မိထက်/People’s Spring

စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းလိုင်စင်မဲ့ဆိုင်ကယ်ဖမ်းဆီးသည်ဆိုကာ တတိုင်းလုံးအတိုင်းအတာအားဖြင့်လုပ်လာ ပြီး ဒေသခံပြည်သူများပိုင်ဆိုင်သည့် သိန်းရာချီတန်ဆိုင်ကယ်များကိုသိမ်းယူနေကြောင်း ဒေသခံများကပြောသည်။

စစ်အာဏာရှင်တော်လှန်ရေးအားမကောင်းသည့် ဧရာဝတီတိုင်းအတွင်း လိုင်စင်မဲ့ဆိုင်ကယ်ဖမ်းဆီးမှုကို စက်တင်ဘာလဆန်းမှစတင်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်ပိုင်ရှင်ကို ဖမ်းဆီးခြင်း၊ အဖမ်းမခံလိုပါက ဆိုင်ကယ်သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“၂၀၂၂ ကစပြီး ဆိုင်ကယ်လိုင်စင်ချမပေးခဲ့ဘူး။ ဒါပေမယ့် စီးပွားရေးသမားတွေက လိုင်းကြေးပေးပြီး လိုင်စင်မဲ့ ဆိုင်ကယ်တွေ တရားမဝင်သွင်းခဲ့တယ်။ အဲ့ဒါကိုမဖမ်းဘဲ ပြည်သူတွေလက်ထဲ ဆိုင်ကယ်ရောက်ကာမှ ဖမ်းတာပါ” ဟု ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှ ပြည်သူတစ်ဦးကပြောသည်။

၂၀၂၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ တရားမဝင်ရောက်ရှိလာသော ထိုင်းနိုင်ငံထုတ်ဆိုင်ကယ်များသည် သိန်း ၅၀ မှ သိန်း ၁၅၀ ခန့်နှင့် တရုတ်နိုင်ငံထုတ်သည် သိန်း ၃၀ ဝန်းကျင်တန်ဖိုးရှိသည်။ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံထုတ်ဆိုက်ကယ်များကို အဓိကထားဖမ်းဆီးနေပြီး လူအဖမ်းမခံချင်ပါက ဆိုင်ကယ်ထားခဲ့ရန် ပြောဆိုခြိမ်း​ခြောက်၍ ဆိုင်ကယ်များကို အဓမ္မသိမ်းယူနေခြင်းဖြစ်သည်။

“ဘီးအသစ်တွေကို ရွေးဖမ်းတာ။ နောက်ပြီး ရဲစခန်းအလိုက် ဒီ‌နေ့ဘယ်နှစ်စီးဖမ်းပေးရမယ်ဆိုတဲ့ ခွဲတမ်းရှိတယ်။ တော်တော်လေး ရုပ်ပျက်ဆင်းပျက်ဖမ်းတာဗျ။ ရွာဘက်က တက်လာတာ လမ်းမှာ အစစ်ခံရပြီး ဘီးတွေယူသွားလို့ ကယ်ရီငှားပြန်ရသူတွေရှိတယ်”ဟု မအူပင်မြို့ခံတစ်ဦးကပြောသည်။

လိုင်စင်မဲ့ဆိုင်ကယ်စီး၍ ဖမ်းဆီးခံရပြီး ထောငဒဏ်ချမှတ်ခံသူများလည်း People’s Spring ကစုံစမ်းသိရသည်။

ဟင်္သာတခရိုင်၊ မြန်အောင်မြို့မှဒေသခံတစ်ဦးက “အရင်က တရုတ်ဘီးစုတ်နဲ့ သွားနေရတဲ့ ရဲတွေက အခုတော့ ပြည်သူတွေဆီက လုယူထားတဲ့ ဆိုင်ကယ်အသစ်‌တွေနဲ့ အရှက်မရှိ လမ်းသလားနေတယ်” ဟု ပြောသည်။

သင်္သာတမြို့တွင်၂၀၂၃ခုနှစ်ကလိုင်စင်မဲ့ဆိုင်ကယ်ဖမ်းဆီးမှုများ စစ်ကောင်စီကပြုလုပ်ခဲ့စဉ် မိုင်ဆွဲတိုက်ခိုက်ခံခဲ့ရဖူးသည်။ ထိုနောက်ပိုင်းတွင် လိုင်စင်မဲ့ဆိုင်ကယ်ဖမ်းဆီးမှုများရပ်တန့်သွားပြီး ယခုအခါ တစ်တိုင်းလုံးအတိုင်းတာဖြင့် ပြန်လည် ဖမ်းဆီးနေခြင်းဖြစ်သည်။

ဧရာဝတီတိုင်းမှ လူငယ်အချို့သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အာရက္ခတပ်တော်(AA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ပဲခူးတိုင်းတို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံတွင် သွား​ရောက်၍တိုက်ပွဲဝင်နေသော်လည်း တိုင်းအတွင်း

၌ စစ်ကောင်စီတပ် နှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိသ​လောက်နည်းပါးသည့် တော်လှန်ရေးအားမကောင်း‌​သော ဒေသဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီက နိုင်ထက်စီးနင်း ပြုလုပ်နိုင်​နေခြင်းဖြစ်​ကြောင်း တော်လှန်ရေးအင်အားစုအချို့ကမှတ်ချက်ပြုသည်။

“ကျွန်တော်တော့် မြို့ဆို စစ်တပ်က တပ်ရင်းထဲကနေ အပြင်တောင်မထွက်ရဲဘူး။ လမ်းပေါ်တက်ပြီး ဆိုင်ကယ်ဖမ်းဖို့မပြောနဲ့ အုပ်စုလိုက်တောင်မထွက်ရဲတာ။ ဧရာဝတီတိုင်းကပြည်သူတွေ ဒီထက် သွေးအေးနေရင် စစ်ကောင်စီလုပ်သမျှ ခံနေရမှာပဲ” ဟု မန္တလေးတိုင်း၊ မြင်းခြံမြို့မှ ဒေသခံတဦးကပြောသည်။

မြို့ပြပြောက်ကျားလူငယ်အချို့သည် စစ်ကောင်စီပစ်မှတ်များကိုတိုက်ခိုက်လိုသော်လည်း အချိတ်အဆက် မမီခြင်းကြောင့် တိုက်ခိုက်ရေးဖော်ဆောင်နိုင်ခြင်းမရှိဟု ဧရာဝတီတိုင်းမှ တော်လှန်ရေးလုပ်​နေ​သောလူငယ်အချို့ကပြောသည်။

ဧရာဝတီတိုင်းအတွင်း ကန်ကြီး ထောင့်မြို့နယ်၊ ဘိုကလေးမြို့နယ်၊ ဟင်္သာတမြို့နယ်တို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့နှင့် အုပ်ချုပ်ရေးမှူးအချို့ကို ပစ်ခတ်သတ်ဖြတ်ခံရမှုများ ၂၀၂၃ ခုနှစ်အတွင်း ရှိခဲ့သည်။ အဆိုပါဖြစ်

ရပ်များနှင့်ပတ်သက်၍ လူငယ်အများပြားအားစစ်ကောင်စီကဖမ်းဆီးပြီး အချို့ကိုပစ်ခတ်သတ်ဖြတ်ခဲ့သည်။ထို့နောက်ပိုင်းတွင် စစ်ကောင်စီအားပစ်မှတ်ထားတိုက်ခိုက်မှုများ ငြိမ်သက်နေသည်။

ပြီးခဲ့သည့်စက်တင်ဘာလလယ်က မအူပင်မြို့နယ်တွင် လူငယ်အချို့အား PDFဟုဆိုကာ စစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေပြီးနှစ်ဦးအားသတ်ဖြတ်လိုက်ကြောင်း တော်လှန်ရေးအင်အားစုများထံမှသတင်းရရှိသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ဩဂုတ်လ ၁၆ရက်နံနက်က စစ်ကောင်စီရေတပ်က သေနတ်ပစ်ခတ်မှု ရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုများလည်းရှိခဲ့သည်။ ဧရာဝတီတိုင်း၊ဟင်္သာတမြို့နယ်နှင့် ထိစပ်နေသော ရခိုင်ရိုးမတနေရာ၌ စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်ဖွဲ့များ ပြီးခဲ့သည့် ဩဂုတ်လဆန်းက တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး စစ်ကောင်စီဘက်မှ ၁၆ဦးထက်မနည်းသေဆုံးကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

အာရက္ခတပ်တော်(AA)၏ထိုးစစ်သည် ဧရာဝတီတိုင်းနှင့် ထိစပ်နေသော ဂွမြို့အနီးထိရောက်ရှိလာပြီးနောက် ရခိုင်ပြည်နယ်နှင့် နယ်‌မြေချင်းထိစပ်နေသော ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားလာမည်ကို စစ်ကောင်စီက ကြောက်လန့်နေသည်။

ရခိုင်ပြည်နယ်နှင့်နီးစပ်သော ငါးသိုင်းချောင်းမြို့၊ရေကြည်မြို့၊ လေးမျက်နှာမြို့၊ ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်နှင့် ကြံ့ခင်းမြို့နယ်တို့တွင် စစ်ကောင်စီကပြည်သူ့စစ်အများအပြား တိုးချလားပြီးလုံခြုံရေးယူထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် တော်လှန်ပြည်သူများက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၇) နံနက်က လှုံ့ဆော်ဆန္ဒပြခဲ့သည်။

သတင်း

ရွှေကျင်တိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

သတင်း

ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၇ရက်) နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ​ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ယနေ့ (အောက်တိုဘာ ၆) မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Facebook