Connect with us

Hi, what are you looking for?

သတင်း

ကင်းတားဆည်မှ ရေထပ်လွှတ်၍ ဝမ်းတွင်း၊ မြစ်သားနှင့် ကျောက်ဆည်မြို့နယ်တွင် ရေကြီးနေ

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်ရှိ ကင်းတားဆည် ရေလှောင်တမံမှ ရေထပ်လွှတ်၍ ဝမ်းတွင်း၊ မြစ်သားနှင့် ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာအများအပြား ရေကြီးနေကြောင်း သတင်းရရှိသည်။

ရေတက်လာသော မြစ်သားမြို့နယ်ရှိ လမ်းပိုင်းတစ်ခုအား ယနေ့ နေ့လည်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ-CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်ရှိ ကင်းတားဆည် ရေလှောင်တမံမှ ရေထပ်လွှတ်၍ ဝမ်းတွင်း၊ မြစ်သားနှင့် ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာအများအပြား ရေကြီးနေကြောင်း သတင်းရရှိသည်။

စက်တင်ဘာ၂၆ ရက်မှ ယနေ့အထိ ဆက်တိုက်ရွာသွန်းနေသောမိုးကြောင့် ကျောက်ဆည်၊ မြစ်သား၊ ဝမ်းတွင်းမြို့နယ်များတွင် မြစ်ချောင်းများ ရေပြန်တက်လာ၍ ယခင်ရေဘေးသင့် ကျေးရွာများ ရေဘေးဒုက္ခထပ်မံကြုံတွေ့နေသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့(အောက်တိုဘာ ၁ရက်)နေ့လည် တွင် ကင်းတားရေလှောင်တမံမှ ရေထပ်လွှတ်၍ ယခင်ရေကြီးရေလျှံခဲ့သော ဝမ်းတွင်း၊ မြစ်သားနှင့် ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာများ ရေထပ်တက်နေကြောင်း ဒေသခံများက ပြောသည်။

“ဆည်ကလည်း ရေလွှတ်တယ်။ မိုးကလည်းများတယ်။ ရေကတော့ဝင်နေပြီ။ အခုထိတော့ မရွှေ့ရသေးဘူး။”ဟု ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာနေထိုင်သူတစ်ဦးက ပြောသည်။

ကင်းတားရေလှောင်တမံ၌ ဆည်ရေပြည့်အမှတ် ၆၇၇.၃၂ ပေရှိပြီး လက်ရှိမိုးရွာသွန်းမှုအခြေအနေကြောင့် ယခင် ရေပိုလွှဲရေတံခါးမှ ၁.၆၄ ပေ ၂ပေါက်ဖွင့်လှစ်ထားရှိရာမှ ယနေ့ အောက်တိုဘာ ၁ ရက် နေ့လည် ၁၂ နာရီချိန်မှစ၍ ရေပိုလွှဲရေတံခါးမှ ၁.၆၄ပေ ရေထွက်ပေါက် ၄ပေါက် ထပ်မံရေထုတ်လွှတ်နေကြောင်း မြစ်သားအခြေစိုက်ကြက်ခြေနီအသင်းက အသိပေးသည်။

ထို့ကြောင့် ပန်းလောင်မြစ်ကမ်းဘေးကျေးရွာအုပ်စုများ ရေထပ်မံမြင့်တက်လာမည်ဖြစ်၍ ကုန်းမြင့်ရာဒေသသို့ ပြောင်းရွှေ့နေထိုင်ရန် ကြက်ခြေနီအသင်းက သတိပေးသည်။

“အခုတော့ အနိမ့်ပိုင်းတွေရွှေ့ဖို့ ကြေညာနေတယ်။ အရင်တခါရေဝင်ထားလို့ ရှင်းလင်းပြီး ပြန်ရောက်တာမကြာသေးဘူး အခုပြန်ရွှေ့နေရပြီ။”ဟု မြစ်သားဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဒေသများသည် စက်တင်ဘာ ဒုတိယပတ် အတွင်းက ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည့်အပြင် ယခုအခါ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်နေချိန် ရေပြန်တက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အလားတူ အောက်တိုဘာ၂ရက်မှ အောက်တိုဘာ ၆ရက်အတွင်း စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း နေရာကွက်၍ မိုးကြီးခြင်း၊ ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က စက်တင်ဘာ ၃၀ ရက်တွင် သတိပေးထားသည်။

Yagiမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် ပြည်သူသိန်းချီ ရေဘေးကြုံတွေ့နေပြီး သေဆုံးနှင့်ပျောက်ဆုံး လူဦးရေ ၁,၀၀၀ကျော် ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)က စက်တင်ဘာ ၂၅ရက်က သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာ ဒုတိယပတ်က ဖြစ်ပွားခဲ့သည့် တိုင်ဖွန်းမုန်တိုင်းယာဂိ၏ နောက်ဆက်တွဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးရေလျှံခြင်းများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၇၀ ခန့်တွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်အထိ ရေဘေးသင့် လူဦးရေ ၁သန်းခန့် ရှိကြောင်း၊ အဆိုပါ နေရာအနှံ့ ရေကြီးရေလျှံခြင်းကြောင့် နိုင်ငံ၏အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ထိခိုက်ပျက်စီးမှုအများဆုံး ဖြစ်ခဲ့ပြီး လူဦးရေ ၃၆၀ကျော် ရေနစ်သေဆုံးခဲ့ကာ ၁၀၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က စက်တင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

သို့သော် အင်တာနက်နှင့် ဖုန်းလိုင်းအခက်အခဲ၊ စစ်ကောင်စီ၏ သတင်းအမှောင်ချမှုများကြောင့် မြေပြင်၌ သေဆုံးသူအရေအတွက်သည် အထက်ပါပမာဏထက်များပြားကြောင်း ​ရေဘေးသင့်ပြည်သူများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။

သတင်း

စက်သုံးဆီရဖို့ခက်ခဲနေလို့ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မီးသင်္ဂြိုဟ်စက်မှာ အလောင်းမီးသင်္ဂြိုဟ်လိုပါက နာရေးရှင်တွေအနေနဲ့ ဒီဇယ်ဆီ ၅ ဂါလံယူဆောင်လာမှသာ ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။