Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီသန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က လူမျိုးရေး ၊ ဘာသာရေးလှုံ့ဆော်သည့်စကားများ​ပြောဟု ပြည်သူအချို့​ပြော

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် လူမျိုးရေးနှင့်ဘာသာရေးလှုံ့ဆော်သည့် မေးခွန်းအချို့ ဖိအားပေးမေးမြန်း ​ပြောဆိုမှုများ ပြုလုပ်နေကြောင်း သန်းခေါင်စာရင်းကောက်ခံရသည့် ‌ပြည်သူအချို့ကပြောသည်။

စစ်​ကောင်စီက သန်းခေါင်စာရင်းကောက်ယူရာတွင် စစ်သားများ၊ရဲများ၊ပျူ​စောထီးများပါ​ခေါ်လာ​ကြောင်း​ဒေသအချို့မှပြည်သူများက​ပြောသည်။ ဓာတ်ပုံ-CJ

လူအေး/People’s Spring

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် လူမျိုးရေးနှင့်ဘာသာရေးလှုံ့ဆော်သည့် မေးခွန်းအချို့ ဖိအားပေးမေးမြန်း ​ပြောဆိုမှုများ ပြုလုပ်နေကြောင်း သန်းခေါင်စာရင်းကောက်ခံရသည့် ‌ပြည်သူအချို့ကပြောသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူမှုကို စစ်ကောင်စီက ယမန်နေ့(အောက်တိုလာလ ၁ရက်)မှ စတင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အိမ်မှာ ဘာ ဘာသာစကားပြောလဲ မေးတယ်။ ဗမာလိုပဲပြောတယ်ဆိုတာကို အပြင်ရောက်ရင်ရော ဘယ်လိုပြောလဲ မေးပြန်တယ်။ တရုတ်လို ပြောလား၊ ကုလားလိုရော ပြောလားလို့ မေးပြန်တယ်။ နောက်ပြီး တရုတ်လိုတွေ ကုလားလိုတွေမပြောဖို့ အမိန့်ပေးသလိုလုပ်သွားတယ်”ဟု ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှ ဒေသခံတဦးကပြောသည်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်တွင် နေထိုင်သူတစ်ဦးကလည်း၎င်းတို့အိမ်အားအောက်တိုဘာလ၂ရက်နံနက်ပိုင်း၌ စစ်ကောင်စီဝန်ထမ်းများက သန်းခေါင်စာရင်းလာကောက်စဉ် လူမျိုးခြားဘာသာစကားများ မပြောရန် သေနတ်ကိုင်ထားသည့်ရဲတပ်ဖွဲ့ဝင်တဦးက ခြိမ်းခြောက်​ပြောသွားကြောင်း ပြောသည်။

“တရုတ်ရော၊ ကုလားရော အမေရိကန်ရော ကောင်းတာမဟုတ်ဘူး။ အဖျက်သမားတွေလို့ ပြောသွားတာ။ သန်းခေါင်စာရင်းကောက်တာနဲ့ ဘာမှမဆိုင်တာတွေပြောသွားတာ” ဟု ၎င်းကဆက်​ပြောသည်။

စစ်ကောင်စီသည် သန်းခေါင်စာရင်းကောက်ယူရာတွင် ၎င်းတို့ထိန်းချုပ်ထားသည့်မြို့နယ်များ၌ ရဲတပ်ဖွဲ့ဝင်အချို့ ၊စစ်သားနှင့် ပြည်သူ့စစ်များ၊ပျူ​စောထီးများပါ လိုက်လာ၍ ပြည်သူများကိုဖိအား​ပေး​ကြောင်း ပြည်သူများက​ပြောသည်။ စစ်ရေးတင်းမာနေသည်မြို့နယ်များတွင် စစ်​သားများ၊ရဲများ ၊ပြည်သူ့စစ်နှင့် ပျူ​စောထီးများက စစ်ကားဖြင့်လိုက်၍ လုံခြုံရေးယူပေးနေကြောင်းသတင်းရရှိသည်။သို့​သော် ​တော်လှန်​ရေးတပ်များထိန်းချုပ်ထား​​သော​ဒေသများ ၊​တော်လှန်​ရေးတပ်များက ပိတ်ဆို့ထား​သော​ဒေသများတွင် မူသန်းခေါင်စာရင်း​ကောက်ယူမရ​ပေ။

စစ်အစိုးရလက်ထက် ၂၀၀၄ ခုနှစ် သန်းခေါင်းစာရင်းကောက်ယူမှုတွင် မေးခွန်း ၄၁ ခုသာ မေးမြန်းခဲ့ပြီး ၂၀၂၄ ခုနှစ်သန်းခေါင်စာရင်းကောက်ယူမှုတွင် မေးခွန်း ၆၈ ခု မေးမြန်းထားသည်။မေးခွန်းများသည် ပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရယူသည့် ပုံစံဖြစ်နေပြီး လုံခြုံရေးအတွက်စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း ပြည်သူအချို့ကပြောသည်။

“သန်းခေါင်စာရင်းက အတုအယောင်ပါ။ လူထုလုံခြုံရေးကို ထိပါးတာ။ နိုင်ငံရေးထွက်ပေါက်ရှာတာ။ လူထုက သတိနဲ့သာနေဗျာ” ဟု စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်​ကောင်စီ သန်း​ခေါင်းစာရင်းတွင် လွန်ခဲ့​သော ၇ ရက်အတွင်းအလုပ်ချိန်အများဆုံးအလုပ် ၊ယာယီပျက်ကွက်ခဲ့သည့်လုပ်ငန်းအမျိုးအစား ၊အဆိုပါအလုပ်အမည်သည် ….. ဖြစ်ပါသလား ၊ လက်ရှိတက်​​ရောက်နေ​သော​အတန်းအမည်၊ ​ကျောင်းဆက်မတက်​တော့သည့်အ​ကြောင်းအရင်း ၊ သင့်အိမ်​ထောင်စုတွင် …..ရှိပါသလား ၊လက်ရှိ နိုင်ငံခြား​ရောက်​ရှိ​နေသူ ရှိ ၊မရှိ ၊နိုင်ငံခြား​ရောက်​နေသူ၏ အချက်အလက်အ​သေးစိပ်​​မေး​သောမေးခွန်းများစသည်တို့ကို ပြည်သူများ လုံခြုံ​ရေးအတွက် ဂရုတစိုက်​ဖြေဆိုရန်လိုပြီး ၊အဆင်​ပြေပါက အချက်အလက်မှားများ​ဖြေ​ပေးရန် ​လူ့အခွင့်အ​ရေးတက်ကြွလှုပ်ရှားသူများနှင့် ​စောင့်ကြည့်​နေသူများကအကြံပြုသည်။

စစ်​ကောင်စီ ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက်ယူခြင်းအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲဆန့်ကျင်တိုက်ဖျက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးတွဲဖွဲ့စည်းထားသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးပူးပေါင်းလုပ်ငန်းကော်မတီကအောက်တိုဘာ ၁ ရက်တွင်ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်စစ်‌တပ်သည် နိုင်ငံတကာနှင့် ပြည်တွင်းဖိအားများရှိလာသည့်အခါတိုင်း ရွေးကောက်ပွဲ သော်လည်းကောင်း၊ အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲသော်လည်းကောင်း ပြုလုပ်ခြင်း၊ အာဏာသိမ်းခြင်းစသည့် အဆိုးကျော့ သံသရာကိုသာ ထပ်ခါထပ်ခါဖြစ်စေပြီး ပြည်သူလူထု လိုလားသော စစ်မှန်သည့် ငြိမ်းချမ်းရေးအား မည်သည့်အခါမှ ဖော်ဆောင်ပေးခြင်း မရှိခဲ့သည်ကိုလည်း သတိပြုကြရန် လိုကြောင်း ကြေညာထားသည်။

“လက်ရှိမြေပြင်အခြေအနေကို ပြောရမယ်ဆိုရင် အကြမ်းဖက်စစ်အုပ်စုအနေနဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်လိုမှ မလုပ်နိုင်ဘူးဆိုတာ ထင်ရှားတယ်။ NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေကလည်း။ အတိုင်းအတာတစ်ခုအထိ ရှိနေတာကြောင့် ဒီလိုနေရာမျိုးတွေမှာဆိုရင် သန်းခေါင်စာရင်းကောက်ယူမှုကို လုံးဝဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး” ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဘေး ရေဘေး ကြုံရချိန်တွင် အာဏာတည်မြဲရန်အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းနေသည့် စစ်ကောင်စီကို ဆန့်ကျင်ရန် ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များ ကလည်း စက်တင်ဘာ ၂၆ ရက်တွင်တိုက်တွန်းထားသည်။

ပြည်သူများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဥ်များ ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ ယင်စာရင်းကောက်ယူရာတွင် ပါဝင်သူများကို ဖိအားပေးခြင်း၊ ဖယ်ကျဥ်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ သန်းခေါင်စာရင်းကောက်ယူမှုကို မပူးပေါင်းခြင်း၊ မဖြေဆိုခြင်း၊ မလွှဲရှောင်သာ၍ ဖြေဆိုရပါက အချက်အလက်များ လွဲမှားဖြေဆိုခြင်း ၊ပြည်သူလူထုအချင်းချင်းနှင့် တော်လှန်ရေးရဲဘော်များကိုလိုအပ်သလိုအကာအကွယ်ပေးခြင်းစသည်တို့ ကို လုပ်ဆောင်နိုင်ကြောင်း တိုက်တွန်းထားသည်။

စစ်​ကောင်စီက ​​ဒေသအချို့တွင်စစ်သား ၊ရဲ ၊ပြည်သူစစ်၊ပျူ​စောထီးများနှင့်အတူ ပြည်သူ​နေအိမ်များသို့သွား၍ သန်း​ခေါင်စာရင်း​ဖြေဆိုရန်ဖိအား​ပေး​သာနည်းကိုသုံး​နေသည်။ဓါတ်ပုံ-စစ်​ကောင်စီ

နိုင်ငံတစ်နိုင်ငံ၏ နှစ်ကာလအပိုင်းအခြားတစ်ခုအတွင်း ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် စသည့် လူမှုစီးပွားဆိုင်ရာ ဖွံ့ဖြိုးမှုကို လေ့လာသုံးသပ်နိုင်ရန် သန်းခေါင်စာရင်းကောက်ယူမှုသည် ပုံမှန် လုပ်ရိုးလုပ်စဥ်ဖြစ်သော်လည်း အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံ၏ လူမှုစီးပွားထောက်တိုင်များကို ကိုယ်တိုင် ဖျက်စီးနေသူ ဖြစ်ပြီး သန်းခေါင်စာရင်းမှ ရရှိနိုင်သော ပြည်သူလူထု၏ ကိုယ်ရေး အချက်အလက်များကိုလည်း နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးမှုထက် ၎င်းတို့ အာဏာတည်မြဲရေး၊ စစ်အနိုင်ရရေး၊ လူထု၏ တော်လှန်အုံကြွမှုများကို ဖိနှိပ်ရေးအတွက်သာ အသုံးချမည်မှာ မလွဲဧကန်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် လူထုသပိတ်အစုအဖွဲ့များက ထုတ်ပြန်ထားသည်။

ထို့ပြင် သန်းခေါင်စာရင်းကောက်ယူခြင်းသည် ၎င်းတို့ကျင်းပမည့် ‌ဟန်ပြရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပြီး မြို့နယ်၊ ရပ်ကွက်များအလိုက် စစ်မှုထမ်းနိုင်သည့် လူငယ်များ၏ အရေအတွက်များ၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင်ပါဝင်ကြသည့်ကျောင်းသားလူငယ်များနှင့် ပြည်သူ့ဝန်ထမ်းများ၏ အခြေအနေများ၊ မြို့ပြနေ သပိတ်ရဲဘော်များနှင့် တော်လှန်ရေး အင်အားစုများ၏ အချက်အလက်များကို ရှာဖွေဖော်ထုတ်ရန် ကြံစည်မှုဖြစ်သည်ဟု ရန်ကုန်အခြေစိုက် လူထုသပိတ်အစုအဖွဲ့များကအသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ် ဗုံးချတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံး၊ ၅ ဦးထက်မနည်းဒဏ်ရာရ

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်းတောင်ပင်မသပိတ်က တော်လှန်ပြည်သူများနှင့် ပူး​​​​ပေါင်းကာ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုကို ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၄ရ်) လှုံ့ဆော်ဆန္ဒပြခဲ့သည်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ကင်းတောင်ရွာကိုစစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့ကြောင်း ​ဒေသခံအချို့ကပြောသည်။

Facebook