ဒီးဒီ/People’s Spring
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းများမှ ဘိန်းဖြူများနှင့် လက်နက် ၄၀၀ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ အသိပေးထုတ်ပြန်သည်။
ပင်လည်ဘူးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ချဆုတ်ခွာခွင့်တောင်းပြီး ဆုတ်ခွာသွားသဖြင့် ပင်လည်ဘူးမြို့ကို အမှတ်(၁)စစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များက အလုံးစုံ ထိန်းချုပ်လိုက်ပြီဟု စစ်ကိုင်းတိုင်း ပကဖက ထုတ်ပြန်သည်။
ပင်လည်ဘူးမြို့ကို စက်တင်ဘာ ၁၅ရက်က ပဥ္စမအကြိမ်စတင်တိုက်ခိုက်ခဲ့ပြီး ၅၃ရက်အကြာ တိုက်ပွဲများဆင်နွှဲပြီးနောက် တစ်မြို့လုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဟု အသိပေးထားသည်။
အောက်တိုဘာ ၇ရက်ညတွင် ရဲစခန်းနှင့် စစ်ကူလာရောက်သော ဘဏ်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒဏ်ရာရသူများ၊ မိသားစုဝင်များနှင့် ရိက္ခာပြတ်လပ်ခြင်းကြောင့် လက်နက်ချ ဆုတ်ခွာခွင့်ပြုရန် ခွင့်တောင်းခံလာခြင်းကြောင့် ချက်ခြင်းစီစဥ်ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၈ရက် နံနက်ပိုင်းတွင် မြို့ကိုအလုံးစုံ ထိန်းချုပ် ရှင်းလင်းခဲခြင်းဟု စစ်ကိုင်းတိုင်း ပကဖက ထုတ်ပြန်သည်။ ထို့အပြင် လက်နက်ချသူများကို ဝန်းသိုမြို့သိူ့ဆုတ်ခွာခွင့်ပြုခဲ့ပြီး အခြားဖမ်းဆီရမိသုံ့ပန်းများအား ကောင်းမွန်စွာ ထိန်းသိမ်းထားရှိသည်ဟု ထပ်မံအသိပေးထားသည်။
ပင်လည်ဘူးမြို့အတွင်းရှိ စစ်ကောင်စီတပ်ရင်းများဖြစ်သော ခမရ(၃၀၁)၊ခမရ(၁၀၁)၊ခမရ(၁၁၁)၊SNAတပ်ရင်း တပ်ရင်း (၆၁၄)၊ရဲတပ်ဖွဲ့တို့ကို တိုက်ခိုက်ခဲ့ခြင်းဟု စစ်ကိုင်းတိုင်း ပကဖက ထုတ်ပြန်သည်။
စစ်ကောင်စီသည် အဆိုပါတပ်ရင်များတိုက်ခိုက်ခံရ၍ စစ်ကူ ၄ကြိမ်လာရောက်ခဲ့ပြီး စစ်ကူတပ်ရင်းများမှာ ခမရ (၃၆၃)၊ခမရ(၁၆)၊ခမရ(၃၆၈)၊ခမရ(၈၇)တို့ဖြစ်ပြီး ပင်လည်ဘူးမြို့၌ စစ်ကောင်စီတပ်ရင်း စုစုပေါင်းတပ်ရင်း ၁၁ရင်းခန့်ရှိခဲ့သည်ဟု စစ်ကိုင်းတိုင်း ပကဖက ဆိုသည်။
စစ်ကောင်စီသည် စစ်ဆင်ရေးကာလ ၅၃ရက်အတွင်း လေယာဥ်အမျိုးအစားအမျိုးမျိုးဖြင့် အကြိမ်ရေ ၁၃၀ ကျော်၊ ဗုံးအရွယ်အစားအမျိုးမျိုး ပေါင် ၅၀၀၊၃၀၀၊၂၀၀ တို့ဖြင့် အလုံးရေ ၃၀၀၀ ကျော် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထပ်မံ အသိပေးထားသည်။
ထို့အပြင် ယခုလက်ရှိလည်း လေကြောင်းမှ ဆက်လက်ပစ်ခတ်တိုက်ခိုက်နေဆဲဟု အသိပေးထားသည်။
စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများထံမှ လက်နက်(၄၀၀)ကျော် သိမ်းဆည်းရမိပြီး စစ်ကူစစ်ကြောင်းတစ်ခုလုံး ချေမှူန်းဖမ်းဆီးကာ သုံ့ပန်းအမြောက်အမြားဖမ်းဆီးရမိသည့်အပြင် လာရောက်အလင်းဝင်ပူးပေါင်းသည့်တပ်ဖွဲ့ဝင်များလည်းရှိသည်ဟု ထပ်မံအသိပေးထားသည်။
ထို့အပြင် သိမ်းဆည်းရမိပစ္စည်းများတွင် ရန်သူနေ၏နောက်ဆုံးအခြေပြုရဲစခန်းအတွင်းမှ ဘိန်းဖြူခွက်ရေအမြောက်အမြား(ခန့်မှန်းခွက်ရေ ၈၀ခန့်) သိမ်းဆည်းရရှိသည်ဟုလည်း အသိပေးထားသည်။