ရောင်နီ/ People’s Spring
ရန်ကုန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများကပြောသည်။
သမိုင်းလမ်းဆုံ ပတ်ဝန်းကျင်၌ လမ်းမများပေါ်တွင် ရေတတ်မှုဖြစ်နေပြီး အခြားမြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည်ဟု ဒေသခံများကပြောသည်။
“မနေ့က ရေတတ်ပေမယ့် မနက်ကလာတော့ ဘာမှမရှိတော့ဘူး။ အခုကမိုးဆက်ရွာနေတော့ ထပ်တတ်လာတာ” ဟု သမိုင်းလမ်းဆုံ၌နေထိုင်သူတစ်ဦးကပြောသည်။
YBS ယာဉ်မောင်းတစ်ဦးကလည်း”မနေ့ကလမ်းပိုပိတ်တယ်။ ဒီနေ့လည်းပိတ်တော့ပိတ်တယ်။ ဒါပေမယ့်ရွေ့သေးတယ်။”ဟုပြောသည်။
ရွှေပြည်သာမြိုနယ်တွင်လည်း အောက်တိုဘာ ၂၁ ရက်မှစတင်၍ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေတတ်လာကြောင်း ယင်းမြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။
ရွှေပြည်သာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၂၄)ရပ်ကွက်၊ နှင်းပန်းလမ်းရှိ နေအိမ်များ အမိုးလန်ခြင်း၊ ရေနစ်မြုပ်ခြင်းများဖြစ်ခဲ့၍ကူညီကယ်ဆယ်မှုများပြုလုပ်ပေးခဲ့ရကြောင်း ရွှေပြည်သာမြို့နယ်မီးသတ်စခန်းက အောက်တိုဘာ ၂၁ ရက်တွင် အသိပေးထားသည်။
နိုင်ငံတကာမိုးလေဝသဌာနများ၏ အောက်တိုဘာလ (၂၂)ရက်နေ့၊ နံနက်ပိုင်း ခန့်မှန်းချက် များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိလာပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် လာမည့် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာကာ အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားနိုင်မည်ဟု ခန့်မှန်းရရှိကြောင်း NUG ၏ လူသားချင်းစာနာမှု နှင့်သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဝန်ကြီးဌာနကခန့်မှန်းထားသည်။
ထိုမုန်တိုင်းငယ်၏ အရှိန်ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းတို့တွင် နေရာအနှံ့အပြား၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင်နေရာကွက်၍မိုးကြီးခြင်းနှင့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲ မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။