အိမ်သွင်/People’s Spring
ပြီးခဲ့သည့်ဩဂုတ်က တိုက်ခိုက်ခဲ့ပြီးနောက် ရပ်တန့်ထားခဲ့ရသည့် အင်းတော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်များက ပြန်လည်စတင်ပြီး တိုက်ပွဲပြင်းထန်နေသည်။
အင်းတော်မြို့ရှိ နေရာသုံးခု၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၁ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
” ပထမတခေါက်က မပြတ်တဲ့တိုက်ပွဲ အခုပြန်ချနေတာ။ စစ်တပ်က လေကြောင်းကနေချတာ၂ရက်ရှိပြီ။ တိုက်ပွဲကလည်းပြင်းထန်နေပါတယ်”ဟု မြို့အနီးဝန်းကျင်တွင် စစ်ဘေးရှောင် နေသည့် အင်းတော်မြို့ခံတစ်ဦးက ပြောသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ဩဂုတ် ၁၆ရက်က စတင်ခဲ့ပြီး နဘားလမ်းဆုံ စစ်ကောင်စီစခန်း၊ နဘားကျေးရွာ ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းနှင့် အင်းတော်မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့သည်။
ဆုတ်ခွာသွားသည့် စစ်ကောင်စီသည် အင်းတော်မြို့မဘုန်းကြီးကျောင်း၊ စစ်တပ်ကုန်းနှင့် ဘုရားကုန်း၌ တပ်စွဲပြီး ဒေသခံများအား ဖမ်းဆီးကာ လူသားတံတိုင်းအဖြစ်အသုံးပြုခဲ့သည်။
ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ရပ်ခဲ့ရသည်။ ဩဂုတ်လနှောင်းပိုင်းမှစတင်၍ အောက်တိုဘာလကုန်အထိ တိုက်ပွဲရပ်ထားခဲ့ပြီး ယခုအခါ ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။
” တိုက်ပွဲရပ်ထားတဲ့ကာလတွေထဲမှာတော့ အရပ်သားတွေ မြို့ကနေ ထွက်နိုင်ခဲ့တယ်လို့သိရတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိဖြစ်ပွားနေသောတိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေများကို မသိရှိရသေးပေ။ တိုက်ပွဲကြောင့် အင်းတော် – ကသာလမ်းပိုင်းနှင့် မန္တလေး – မြစ်ကြီးနား လမ်းပိုင်းကို ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။
အင်းတော်မြို့တွင် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၇၇)လက်အောက်ခံတပ်များမှာ အင်အား ၅၀၀ခန့် ရှိနေသည်ဟု သတင်းရရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များသည် စစ်ကိုင်းတိုင်းအတွင်း ကောလင်း၊ အင်းတော်၊ ထီးချိုင့်၊ ပင်လည်ဘူး၊ ဒီပဲယင်း၊ရွှေပြည်အေး၊ ခမ်းပါတ်မြို့၊ မြို့သစ်မြို့နှင့်မော်လူးမြို့တို့ကို မြို့သိမ်းတိုက်ပွဲများတိုက်ခိုက်ခဲ့သည်။
ကောလင်းမြို့ကို ၂၀၂၃ နိုဝင်ဘာတွင် သိမ်းယူနိုင်ခဲ့သော်လည်း စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ပြီး ထိန်းချုပ်သွားခဲ့သည်။ ဒီပဲယင်းမြို့ကိုလည်း ပြီးခဲ့သည့် သြဂုတ် ၁၈ရက်က သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ကာ ပြန်လည်ထိန်းချုပ်သွားခဲ့သည်။
ထီးချိုင့်မြို့သိမ်းတိုက်ပွဲလည်း အပြီးမသတ်သေးပေ။ လက်ရှိတွင် ပင်လည်ဘူးမြို့၊ရွှေပြည်အေးမြို့၊ ခမ်းပါတ်မြို့၊ မြို့သစ်မြို့နှင့်မော်လူးမြို့တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားသည်။
မော်လူးမြို့သည် အင်းတော်မြို့နယ်၌ပါဝင်ပြီး ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာက တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ထိန်းချုပ်ထားသည်။
စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လက်ရှိအချိန်အထိ နောက်ဆုံးတိုက်ခိုက်သိမ်းပိုက်ထားသောမြို့မှာ ပင်လည်ဘူးမြို့ဖြစ်သည်။ ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာ ၈ရက် တွင် သိမ်းယူနိင်ခဲ့ခြင်းဖြစ်သည်။