Connect with us

Hi, what are you looking for?

သတင်း

မင်းလှ နှင့် အုတ်ဖိုတွင် လူ ၂၀ ခန့်ကိုစစ်တပ်က ပေါ်တာဆွဲဖမ်းဆီး

မင်းလှမြို့နယ်မှ ပေါ်တာဆွဲဖမ်း ဆီးထားသော လူငယ်များကို စစ်ကောင်စီတပ်က မြို့နယ်ထွေအုပ်ရုံးဝင်းအတွင်းဖမ်း ဆီးထားပြီး အုတ်ဖိုမြို့နယ်မှလူငယ်တစ်ဦးကိုမူ မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ဆိုခြင်းကို မသိရသေးပေ။

(မင်းလှထွေအုပ်ရုံး၌ စုဝေးနေသော စစ်ကောင်စီတပ်သားနှင့် ရဲများကိုတွေ့ရစဥ်(ပုံဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ-စစ်​ကောင်စီ)
(မင်းလှထွေအုပ်ရုံး၌ စုဝေးနေသော စစ်ကောင်စီတပ်သားနှင့် ရဲများကိုတွေ့ရစဥ်(ပုံဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ-စစ်​ကောင်စီ)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် လူငယ် ၂၀ ဦးခန့်ကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

စစ်မှုထမ်းရန်ဟုဆိုကာ စစ်ကောင်စီတပ်က မင်းလှမြို့နယ်မှ လူငယ် ၁၇ ဦးနှင့် အုတ်ဖိုမြို့နယ်မှ လူငယ်တစ်ဦးတို့ကို နိုဝင်ဘာလ ၈ ရက် ၊၉ ရက် နှင့် နေ့များတွင် နေအိမ်အထိလိုက်လံဖမ်းဆီးခေါ်ဆောင်သွားခြင်းဟု ဒေသ ခံများက ပြောသည်။

မင်းလှမြို့နယ်တွင်း ပေါ်တာဆွဲဖမ်းဆီးမှုတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ညက ပက်တန်းလေး၊ ပက်တန်းကြီး၊ မုက္ခာရွာများမှ လူငယ်သုံးဦး ကိုလည်း​ကောင်း၊ နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်း ဆင်တဲကုန်းရွာမှ ငါးဦး၊ ဂွေးထောက်ကုန်းရွာမှ ကိုးဦး စုစု​ပေါင်း ၁၇ ဦးဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“မုက္ခာက ကျော်သူဝင်းဆိုရင် သိန်း ၆၀ ပေးတာတောင် ပြန်မလွတ်ပေးဘူးလို့ သိရတယ်။ အစက သိန်း ၆၀ ပေးရင် ပြန်လွှတ်ပေးမယ်ဆိုလို့ မြို့ပေါ်မှာ ချက်ချင်းလိုက်ထုတ်တာ။ ဟိုရောက်တော့မှ ၆၀ ပေးလည်းမရဘူးဆိုပြီး ပြန်လွှတ်မပေးဘဲထားတယ်”ဟု မင်းလှမြို့ နယ်မှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

အလားတူ နိုဝင်ဘာလ ၈ ရက်နေ့ညပိုင်းကလည်း အုတ်ဖိုမြို့နယ်၊ ရေကာတာကျေးရွာမှ လူငယ်တစ်ဦးကို စစ်မှုထမ်းစာရင်း၌ပါသည်ဟုဆိုကာ စစ်ကောင်စီတပ်သားများက နေ အိမ်ပေါ်တက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများက ပြောသည်။

စစ်ကောင်စီတပ်သည် မင်းလှနှင့် အုတ်ဖိုအပါ အဝင် သာယာဝတီခရိုင်အတွင်း ပေါ်တာဆွဲဖမ်းဆီးမှုများလုပ်ဆောင်လျှက်ရှိရာ ယခင်က လူတစ်ဦးလျှင် ကျပ်သိန်း ၁၀၀ ကျော်ဖြင့် လဲလှယ်၍ ပြန်လွှတ်ပေးသည့်ဖြစ်စဥ်များရှိခဲ့သော်လည်း ယခုနောက်ပိုင်း ငွေ​ပေးလျင်လည်းမရ​တော့ကြောင်း ဒေသခံပြည်သူများက ဆို သည်။

“စောစောပိုင်းတုန်းက အကပ်မရှိတဲ့သူဆိုရင် သိန်း ၁၅၀ လောက်ပုံပေးရင် ပြန်လွှတ်ပေးတာမျိုးရှိတယ်။ အကပ်ကောင်းရင်တော့ သိန်း ၆၀ လောက်ဆို လွှတ်ပေးတယ်။ အခုက ငွေပေးတာတောင် မလွှတ်ပေးဘူးဆိုတော့ တပ်သားသစ်လိုအပ်ချက် တော်တော်များနေလို့ဖြစ်မယ်”ဟု ဒေသအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မှတ်ချက်ပေး သည်။

လက်ရှိတွင် မင်းလှမြို့နယ်မှ ပေါ်တာဆွဲဖမ်း ဆီးထားသော လူငယ်များကို စစ်ကောင်စီတပ်က မြို့နယ်ထွေအုပ်ရုံးဝင်းအတွင်းဖမ်း ဆီးထားပြီး အုတ်ဖိုမြို့နယ်မှလူငယ်တစ်ဦးကိုမူ မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ဆိုခြင်းကို မသိရသေးပေ။

စစ်​ကောင်စီက ၂၀၂၄ ​ဖေ​ဖော်ဝါရီလတွင် စစ်မှုမထမ်းမ​နေရ ဥပ​ဒေကိုပြဌာန်းပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းလူငယ်များကို သင်တန်း တစ်သုတ်လျင် ၅၀၀၀ ဦးနှုန်းဖြင့် အဓမ္မစစ်မှုထမ်းခိုင်း​နေခြင်းဖြစ်သည်။ စစ်သားသစ်စု​ဆောင်းပြီး တိုက်ပွဲပြင်းထန်​သော​ဒေသများသို့ပို့​ဆောင်စစ်တိုက်ခိုင်းရာ ​သေဆုံးဒဏ်ရာရသူ ၊ထွက်​ပြေးသူများစွာရှိ​နေ​ကြောင်း ​​တော်လှန်​ရေးအဖွဲ့များက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက စစ်တပ်စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးအနောက်ရိုးမ ဗျူဟာ ၂၂ က ဇွန်လ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့တပ်ဖွဲ့တွေက အရပ်သား ပြည်သူတွေရဲ့နေအိမ်တွေကို သုံးရက်ဆက်တိုက် မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။