အိမ်သွင်၊ကျော်ဇော /People’s Spring
အမ်း-ပဒါန်းလမ်းကို အသုံးပြု၍ ရခိုင်ပြည်နယ် အမ်းမြို့သို့ စစ်ကူသွားရန်ကြိုးစားနေသည့် စစ်ကောင်စီစစ်ကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်နေရာ နိုဝင်ဘာ ၂၅ ရင်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်းချင်းကာကွယ်ရေးတပ်-အရှို ( CDF-Asho )မှ တာန်ရှိသူကပြောကသည်။
ရခိုင်ပြည်နယ် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အင်အားဖြည့်ရန် မင်းဘူးမြို့မှ ရောက်လာသည့် စစ်ကားများအား ကားလမ်းမ တစ်လျှောက် လုံခြုံရေးယူပေးရန်ပြင်ဆင်နေသည့်အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် နိုဝင်ဘာလ ၂၅ ရက်နံနက် ၆ နာရီ ၁၅ ခန့်က ငဖဲမြို့နယ်၊ ခွန်ဇူရွာလမ်းခွဲ၊ အမ်း-ပဒါန်းလမ်းပေါ် လာရောက်ကင်းပုန်းဝပ်၍ လုံခြုံ ရေးယူထားစဥ်CDF-Asho မှ ရဲဘော်များက လက်မှုယူတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကင်းပုန်းဝပ် စစ်ကောင်စီတပ်သားများကို မိနစ် ၂၀ ခန့်ကြာ လက်ဦးမှုယူတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားလေးဦး တိုက်ပွဲအ တွင်းသေဆုံးသွားပြီး ၎င်းတို့ထံမှ MA1 သေ နတ်တစ်လက်၊ ကျောပိုးအိတ်တစ်လုံးအပါ အဝင် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်း ဆည်းရရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် လမ်းလုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများမှာ ၎င်းတို့အထိုင်ချတပ်စွဲရာ ဂုတ်ကြီးကျေးရွာအနီး တောရဘုန်းကြီးကျောင်းဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း စုံစမ်းသိရသည်။
လက်ရှိအခြေအနေတွင် ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း၌ မည်သည့်တိုက်ခိုက်မှုမျှ ဆက်ရှိမနေဘဲ ပုံမှန်အနေအထားဖြင့် ခရီး သွားအချို့ဖြတ်သန်းသွားလာလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
အာရက္ခတပ်တော် AA၏ မဟာမိတ်များထိန်းချုပ်ထားသည့်အမ်း-ပဒါန်းလမ်းတွင် စစ်ကောင်စီစစ်ကြောင်းများ မကြာခဏတိုက်ခိုက်ခံနေရသည်။ နိုဝင်ဘာလ ၂၀ရက်က အမ်း – ပဒါန်းလမ်း ဂုတ်ကြီးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ ၁၀ဦးသေဆုံးခဲ့ပြီး ဒဏ်ရသူများပြားကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)က သတင်းထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာလ ၅ရက်ကလည်း အမ်း- ပဒါန်းလမ်းမှ စစ်ကောင်စီစခန်းနှစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ဦးခန့်သေဆုံးနိုင်ကြောင်းPRA – Magway)က သတင်းထုတ်ပြန်ခဲ့သည်။ အောက်တိုဘာလ ၂၈ရက်နေ့ကလည်း အမ်းမြို့မှပြန်လာသည့် စစ်ကောင်စီယာဥ်တန်းကို မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းနှင့် အရှိုချင်းကာကွယ်ရေးတပ် (ACDF)က အမ်း-ပဒါန်းလမ်း၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀သေဆုံးခဲ့သည်။
ထို့အပြင် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား လေးဦးကို ပြီးခဲ့သည့်အောက်တိုဘာလကုန်တွင် မကွေးတိုင်းနှင့်ရခိုင်ပြည်နယ်စပ် စစ်ဆင်ရေးဒေသ၌ CDF – Ashoက ဖမ်းဆီးခဲ့သည်။
ထို့အပြင် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းချိတ်ဆက်ထားသောလမ်းပိုင်းများနှင့်ပုသိမ်-မုံရွာလမ်းပိုင်း၌ လာရောက်တပ်စွဲသည့် စစ်ကောင်စီတပ်နှင့်အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အောက်တိုဘာလ၃၀ရက်နှင့် ၃၁ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် အမ်းမြို့တွင်လည်း တိုက်ပွဲအလွန်ပြင်းထန်နေပြီး AAသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီစခန်းများကို အနီးကပ်ပိတ်ဆို့တိုက်ခိုက်နေခြင်းဟု မြို့ခံများကပြောသည်။ AAက တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း နပခကို အနီးကပ်တိုက်ခိုက်နေခြင်းဟု သတင်းရင်းမြစ်ချို့ကပြောသည်။အမ်းမြို့အပြင် ပဲခူးတိုင်းနှင့် ဆက်စပ်နေသော တောင်ကုတ်မြို့၊ ဧရာဝတီတိုင်းနှင့် ဆက်စပ်နေသော ဂွမြို့၌လည်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။
အမ်း-ပဒါန်းလမ်း၌ တိုက်ပွဲမကြာခဏဖြစ်နေပြီး စစ်ရေးဆက်လက်တင်းမာလာနိုင်သည့် အခြေအနေများကြောင့် ပဒါန်းမြို့ဒေသခံများသည် ပြည်မြို့နှင့် အခြားမြို့များသို့ စတင်တိမ်းရှောင်နေကြသည်။