ဟန်နွေ/People’s Spring
နွေဦးတော်လှန်ရေး အောင်မြင်မှုရရှိစေရန် စစ်ရေးကဏ္ဍနှင့် လူထုလှုပ်ရှားမှုကဏ္ဍကို ဦးစားပေးအဖြစ် အောင်မြင်အောင်ဖော်ဆောင် ရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောကြားသည်။
လူထုလှုပ်ရှားမှု ရက်သတ္တပတ် ပဉ္စမနေ့ဖြစ်သည့် နိုဝင်ဘာ ၂၆ရက်က တော်လှန်ရေးကာလ အုပ်ချုပ်ရေးထူထောင်ဆောင်ရွက်မှု၊ စစ်ရေးအရှိန်မြှင့်တင်မှုနှင့် မြေပြင် လူထုလှုပ်ရှားမှုကြား ချိတ်ဆက် ဖော်ဆောင်နိုင်ရေးအခြေအနေ ဆန်းစစ်သုံးသပ်မှု အစီအစဉ်တွင် ဝန်ကြီးက ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။
ထို့အပြင် တော်လှန်ရေးဦးဆောင်သူများ အနေဖြင့် ဦးစားပေးကဏ္ဍကို ရှင်းလင်းအောင် လုပ်ရန်လိုအပ်သည်ဟု ဆိုသည်။

Public Service Announcement
” ကျနော်တို့ဘက်က ဦးစားပေးနှစ်ခုပဲရှိတယ်။ စစ်ကို တက်နိုင်သလောက် နိုင်အောင်တိုက်မယ်။ ပြီးရင် လူထုလှုပ်ရှားမှု အရှိန်ကိုမြင့်သထက် မြင့်အောင် ကျနော်တို့လုပ်တယ်။ ဒီနှစ်ခုဟာ တော်လှန်ရေး အောင်မြင်ဖို့”ဟု ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။
အုပ်ချုပ်ရေးသည် တတိယကဏ္ဍဖြစ်ပြီး အုပ်ချုပ်ရေးသည့် စစ်ရေးကဏ္ဍနှင့် လူထုလှုပ်ရှားမှုကို အထောက်အပံ့ဖြစ်စေရေးအတွက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လူထုလှုပ်ရှားမှုဆိုင်ရာ ကိစ္စများနှင့်ပတ်သက်ပြီး NUG၏ မဟာဗျူဟာကို သုံးသပ်နေကြောင်းလည်း ဝန်ကြီးက ပြောသည်။
စစ်ရေးကို အထောက်အပံ့ဖြစ်နိုင်ရေး၊ လူထုလှုပ်ရှားမှုဆိုင်ရာများကို အထောက်အပံ့ဖြစ်နိုင်ရေး ဝန်ကြီးများ၏ ကာယစွမ်းအား ဉာဏစွမ်းအား မသုံးနိုင်ဘဲ ပြန့်ကျဲနေသည်ကို တွေ့ရ၍ ယခုအခါ ပြန်စုနေကြောင်းလည်း ရှင်းပြသည်။
“အရေးကြီးတဲ့ ကဏ္ဍကြီးတွေကိုပဲ ကဏ္ဍအလိုက်ဖော်ထုတ်ပြီး ဝန်ကြီး၊ ဒုဝန်ကြီးတွေရဲ့ အင်အား တွေကိုအဲဒီကို ပြန်စုတယ်။ ဒီလိုစုလိုက်မှပဲ သူတို့ရဲ့ဉာဏ်အားတွေ သူတို့ အားစိုက်နိုင်မှုတွေကို တော်လှန်ရေးအတွက် အရေးကြီးတဲ့ဘက်ကို စုနိုင်မှာဖြစ်တယ်”ဟု ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။
ပြည်သူတစ်ရပ်လုံးကို ပန်ကြားလိုသည်မှာ နွေဦးတော်လှန်ရေး အစပုံရိပ်များကို ပြန်ကြည့်ပြီး ရှေ့ဆက်တော်လှန်ရေး၌ ပါဝင်နိုင်သည့် ကဏ္ဍမှ ဆက်လက်ပါဝင်ရန် ၎င်းက ပြောသည်။
“ကျနော်တို့ တောက်လျှောက် နွေဦးတော်လှန်ရေးအစက ပုံရိပ်တွေ ပြန်ကြည့်ပါ။ အဲဒီထဲမှာ ကိုယ်တိုင် ပါခဲ့ပါလိမ့်မယ်။ ကိုယ့်အမျိုးတွေကိုယ့် မိသားစုတွေအားလုံးပါခဲ့ကြပါလိမ့်မယ်။ ကျနော်တို့ ဒီဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ဆောက်မယ်ဆိုတဲ့ကိစ္စ ကျနော်တို့ ဘယ်သူတစ်ဦးတစ်ယောက်မှ ဒီပန်းတိုင်ကို အငြင်းပွားမှုမရှိဘူး”ဟု ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။
ထို့ကြောင့် မည်သူ့၌ တာဝန်ရှိသည်ဆိုသည့် ကိစ္စကို ဝေဖန်ထောက်ပြ ပြောဆိုသကဲ့သို့ တစ်ဖက်တွင်လည်း ပြည်သူများ အပါအဝင်အားလုံးက ကိုယ်လုပ်ရမည့်အလုပ်ကို ပုံမှန်လုပ်ဆောင်နေရန်လိုအပ်သည်ဟု ပြောသည်။
“မြို့ကြီးပြကြီးတွေမှာ ရှိနေတဲ့ ပြည်သူလူထုတွေကို ကျနော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေက လူတွေလို လမ်းပေါ်ထွက်ဆန္ဒမပြဘဲနဲ့ သူတို့ လုပ်နိုင်တာတွေအများကြီး ရှိပါတယ်။ကျနော်က အဓိက အဲဒါပြောချင်တာပါ။ တော်လှန်ရေးအောင်မြင်မှုက ပြည်သူအပေါ် မှာပဲ အခြေခံတာပါ။ အဲဒီလို ပြောလို့ အစိုးရက သူလုပ်ရမယ့်အလုပ် တွေကို ပြည်သူကို လွှဲချနေတယ်လို့ မထင်စေချင်ဘူး”ဟု ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။
ထို့အပြင် ပေးဆပ်မှုများစွာရှိနေသည့် အခြေအနေတွင် တစ်ဦးချင်းစီအနေဖြင့်ပါဝင်နိုင်သည့် ကဏ္ဍမှ တော်လှန်ရေး၌ ဆက်လက် ပါဝင်ပေးရန် ထပ်မံ ပြောသည်။
ပြည်သူများပါဝင်မှု၊ အားစိုက်မှုမလျော့ဘဲ ရှေ့ဆက်ရန်လိုအပ်ကြောင်း၊ တော်လှန်ရေးအရှိန်အဟုန်ဆက်တက်လာမည်ဖြစ်၍ ပြည် သူများအနေဖြင့် ပေးဆပ်သွားရသူများ၏ ဘ၀များတန်ဖိုးများမမေ့ဘဲ နိုင်သလောက် ဆက်ပါကြရန်လည်းလိုအပ်ကြောင်း ဝန်ကြီးက ပြောသည်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၏ အားနည်းချက်များကို ပြုပြင်သွားမည် ဖြစ်ကြောင်း၊ တော်လှန်ရေးအောင်မြင်ရေးထက် အရေးကြီးသည့် ကိစ္စမရှိကြောင်း ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။
ထို့အပြင် လုပ်မှား၊ ကိုင်မှားများရှိပါက ပြင်ဆင် ရန်နှင့်အရေးကြီးသည့် လှုပ်ရှားမှုများ ကြုံလာပါက သွားရောက်ပူးပေါင်းရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဝန်ကြီးက မှာကြားသည်။
တော်လှန်ရေးအတွင်း ကျဆုံးသူများ၏ ဘ၀များသည် ပြန်ပေးဆပ်၍ မရသောကြောင့် အချင်းချင်းအကြား ဝေဖန်ထောက်ပြရင်း ဝေဖန်ထောက်ပြမှုနှင့်အတူ ပူးပေါင်းဆောင်ရွက် ရမည့် အလုပ်များကို ပူးပေါင်းလုပ်ဆောင်ကြရန်လိုအပ်ကြောင်း ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။


















































