စကခ (၅)တပ်မဌာနချုပ်နှင့် လက်အောက်ခံတပ်ရင်း ၂ ရင်းကိုဆက်လက်ထိုးစစ်ဆင်နေ
သိမ်းပိုက်ရန်ကျန်ရှိနေသေးသော မြို့များကို တစ်မြို့မကျန် ဆက်လက်သိမ်းပိုက်ရယူမည်ဟု AA ထပ်မံကြေညာ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း ၁၀ခုကို ၁၇ရက်အတွင်းအပြီးတိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့အားအလုံးစုံထိန်းချုပ်ထားပြီဖြစ်ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့ည (နိုဝင်ဘာ ၂၉ရက် နံနက်စော)တွင် ထုတ်ပြန်သည်။
စစ်ကောင်စီ၏ တောင်ကုတ်မြို့ပြင်ပရှိ စခန်းများဖြစ်သော တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ် နှင့် ရာဘာခြံ ရှိ စစ်ကောင်စီ၏ စခန်းများ၊ တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းတစ်ခုလုံးအတွင်း စစ်ကောင်စီမှ အခိုင်အမာစခန်းချနေထိုင်ခဲ့သော တက္ကသိုလ်ကျောင်းဆောင်များ၊ အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊ ညိုရွာ၊ ဘုန်းကြီးကျောင်းအနီးတောင်ကုန်း နှင့် ဖုန်ညိုတံတား အနီးပတ်ဝန်းကျင်၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်းများနှင့် တောင်ကုတ်မြို့အဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း AAက ထုတ်ပြန်သည်။
ထို့အပြင် တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊ ကြိုးကြာကွင်းဂိတ်ရှိ စစ်ကောင်စီ၏ စခန်း၊ ကိုင်းရှည်တံတားထိပ်ရှိ စစ်ကောင်စီ၏စခန်း၊ သီရိဆေးရုံ၊ ဂုဏ်နေဒေါက်ကျင်း၌ စခန်းချတပ်စွဲထားသော စစ်ကောင်စီ၏ စခန်းနှင့် တောင်ကုတ်မြို့အတွင်းရှိ တောင်ကုတ်မြို့မ ရဲစခန်းတို့အား ယခု နိုဝင်ဘာ ၄ရက် မှ ၂၀ရက်အတွင်း ၁၇ရက်ကြာ ထိုးစစ်အပြီးတွင် သိမ်းပိုက်ရရှိခြင်းဟု AAက အသိပေးသည်။
ထို့နောက် တောင်ကုတ်မြို့တစ်ခုလုံးအား နိုဝင်ဘာ ၂၄ရက်တွင် အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ခြင်းဟု ဆိုသည်။
စစ်ကောင်စီ၏ တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးများဖြစ်ကြသော စကခ (၅) တပ်မဌာနချုပ်နှင့် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းများကိုလည်း တစ်ပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီဟု AAက ထပ်မံအသိပေးထားသည်။
ထို့အပြင် တောင်ကုတ်မြို့ရှိ စစ်ကောင်စီ၏စခန်းများအား ထိုးစစ်ကိုမစတင်မီကတည်းက တောင်ကုတ်မြို့အား ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားခြင်းဟု AAက ဆိုသည်။
တိုက်ခိုက်ထိုးစစ်ဆင်မည့် တောင်ကုတ်မြို့ရှိ ရန်သူ့ စခန်းအနီးပတ်ဝန်းကျင်၌ ဒေသခံပြည်သူလူထုများရှိပါက တိုက်ပွဲနှင့် ဘေးလွတ်ရာသို့ခေါ်ဆောင်ထားပြီး ဒေသခံပြည်သူလူထု အထိခိုက်အနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြောင်းလည်း AAက အသိပေးသည်။ တောင်ကုတ်မြို့ပြင်၊ မြို့အတွင်းရှိ ဒေသခံ ပြည်သူလူထုအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ဆော်သြထား၍ ပြည်သူအများစုမှာ တိုက်ပွဲနှင့်ကင်းလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထားခဲ့ပြီးဟု ဆိုသည်။
သို့သော် ရှောင်တိမ်းခြင်းမရှိဘဲ နေအိမ်များတွင်ကျန်ရစ်ခဲ့သော သူများလည်းရှိခဲ့သည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် တောင်ကုတ် မြို့အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ဦးမျှမရှိတော့ဘဲ အာရက္ခတပ်တော်က ထိန်းချုပ်လိုက်ပြီဖြစ်သော်လည်း တောင်ကုတ်ဒေသခံပြည်သူအချို့နှင့် ပြည်သူပိုင်ပစ္စည်းများ ခိုးယူရန်ချောင်းနေကြသော တောကြောင်သူခိုးများသာ ကျန်တော့သည်ဟု AAက အသိပေးသည်။
မြို့သိမ်းစစ်ဆင်ရေးတိုက်ပွဲအတွင်း အရပ်သား သေဆုံးထိခိုက်မှုများ ရှိ၊မရှိ အခြေအနေကို AA၏ ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။
လက်ကျန်ပြည်သူများ၏ အသက်အန္တရာယ်ကိုစိုးရိမ်သောကြောင့် ဘေးလွတ်ရာသို့ ဆက်လက်ရွေ့ပြောင်းဆောင်ရွက်လျက်ရှိသလို တိုက်ပွဲများပြင်းထန်နေသော အချိန်ကာလအတောအတွင်း အခွင့်ကောင်းယူ၍ ခိုးယူမှုများကျူးလွန်နေသူများကို ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
တောင်ကုတ်မြို့တွင်း လုံခြုံရေး၊ ဒေသခံပြည်သူလူထုများ၏ တိုက်တာ၊ အိုးအိမ်အဆောက်အအုံများ နှင့် ၎င်းအဆောက်အအုံအတွင်း၌ ချန်ထားခဲ့သော ပစ္စည်းများ မပျောက်မပျက်စေရေး၊ ခိုးယူဖောက်ထွင်းမှုများမဖြစ်ပေါ်စေရေး နှင့် အရပ်သားဒေသခံပြည်သူများ မြို့တွင်း၌ ခိုကပ်ရှိမနေစေရေးတို့အတွက် ဆောင်ရွက်နေ ကြသော အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆောင်ရွက်နေမှုများ ကြား၌ပင် သူခိုးများကို ခိုးရာပါပစ္စည်းများနှင့်အတူ နေ့စဉ် ဖမ်းဆီးရမိလျက်ရှိနေကြောင်းလည်း အသိပေးသည်။
ဖမ်းဆီးရမိသော သူခိုးများနှင့် ခိုးရာပါပစ္စည်းများကို သူခိုးများထံမှ မေးမြန်းပြီး ပိုင်ရှင်အစစ်အမှန်များလက်ထဲသို့ အပ်နှံနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ လောလောဆယ်တိုက်ပွဲများပြင်းထန်နေမှုကြောင့် အဆိုပါ ခိုးရာပါပစ္စည်းများကို မိမိတို့ လုံခြုံရေးတပ်ဖွဲ့ထံတွင် ကောင်းမွန်စွာသိမ်းဆည်းထားကြောင်း ဖော်ပြသည်။
အာရက္ခတပ်တော်သည် သိမ်းပိုက်ရန်ကျန်ရှိနေသေးသော မြို့များကို တစ်မြို့မကျန် ဆက်လက်သိမ်းပိုက်ရယူနိုင်ရန် စစ်ကောင်စီ၏ တပ်စခန်းများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု AAက ထုတ်ပြန်သည်။
ယခုလများအတွင်း အမ်း၊ တောင်ကုတ်နှင့် ဂွ မြို့နယ်များအတွင်းရှိ စစ်ကောင်စီ၏ စခန်းများကို အဓိကထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုလည်း အသိပေးသည်။ ထို့အပြင် မောင်တောမြို့ ၌ တစ်ခုတည်းကျန်ရှိနေသေးသော နခခ (၅) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း AA က အသိပေးသည်။