စစ်ကောင်စီက KNDF/PDFက လုပ်ဆောင်ခြင်းဟု ဝါဒဖြန့်နေ
ဟန်နွေ၊ရဲခေါင်/People’s Spring
ပအိုဝ်းဒေသ ဆီဆိုင် – လွိုင်ကော်လမ်းပိုင်းတွင် စစ်ကောင်စီတပ်က ထီးစဲခါးရေတံခွန်ကျောင်းတိုက်ဆရာတော်၏ယာဉ်အား ပစ်ခတ်ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ၂ပါးဒဏ်ရာရရှိခဲ့ဟု ကရင်နီသတင်းရင်းမြစ်များက ပြောသည်။
နိုဝင်ဘာ ၃၀ ရက် နေ့လည် ၂ နာရီအချိန်တွင် ဆီဆိုင်မြို့နယ် ဆီဆိုင် – လွိုင်ကော်လမ်းမကြီးပေါ်၌ အောင်ကလပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ထီးစဲခါးရေတံခွန် ကျောင်းမှ ဆရာတော်၏ယာဉ်အား ပစ်ခတ်ခဲ့ခြင်းဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။
ထီးစဲခါးကျေးရွာ ကျောက်တိုက်ဆရာတော် ဘဒ္ဒန္တ ပညာဝံသအပါအဝင် သံဃာတော်ငါးပါးသည် စေတီတော်အသစ်တည်ရန် လိုအပ်သည့် ပစ္စည်းများဝယ်ယူရေး မန္တလေးမြို့သို့ ထွက်ခွာလာစဥ် လွိုင်ကော်-ဆီဆိုင်လမ်းပိုင်း အောင်ကလပ် ကျေးရွာအနီးတွင် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ပစ်ခတ်ခံရခြင်းဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“သံဃာတော်တွေကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတာ စစ်ကောင်စီကသာ လုပ်လေ့ရှိတဲ့ လုပ်ရပ်ဖြစ်တယ်။သူတို့ရဲ့လုပ်ရပ်ကို အခြားသူတွေကိုပြန်ပြီး အပြစ်ဖို့တာ လွှဲချတာ လုပ်နေတာဖြစ်တယ်။အဲဒီတော့ အခု ဖြစ်စဥ်ကလည်း စစ်ကောင်စီရဲ့ မဟုတ်မမှန် ဝါဒဖြန့်မှု ဖြစ်တယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ထို့အပြင် လွိုင်ကော်-ဆီဆိုင်လမ်းနှင့်လွိုင် လင်လေးမြို့သည် စစ်ကောင်စီနှင့်ပအိုဝ်းပြည်သူ့စစ်၏ လှုပ်ရှားနယ်မြေဖြစ်နေသည်ဟုလည်း ၎င်းက ပြောသည်။
“အခု ဖြစ်စဥ်မတိုင်မီကလည်းစစ်ကောင်စီက ပြည်သူတွေအရပ်သားကားတွေကို ခွဲ ခြားတာမျိုးမရှိဘဲနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာ လုပ်လေ့ရှိတဲ့ဖြစ်ရိုးဖြစ်စဥ်တွေလည်းရှိခဲ့ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
PNLA ပြောရေးဆိုခွင့်ရှိသူခွန်ရိန်းယံကလည်း ” ဘာကြောင့် ပစ်တာလည်းတော့ မသိဘူးပေါ့လေ။ စစ်ကောင်စီကိုယ်တိုင်ပဲ ပစ်ခတ်သွားတယ်။ ပြီးတော့မှ စစ်ကောင်စီ ကိုယ်တိုင်ကပဲ KNDFက လုပ်သလိုလို PDFတွေက လုပ်သလိုလို သတင်းပြန်လွှင့်ထားတာတွေ့တယ်။ ဒါပေမဲ့ အဲဒီနေရာမှာက စစ်ကောင်စီတပ်စခန်း ရှိတဲ့နေရာဖြစ်ပါတယ်။ ပြီးတော့မှ ဆီဆိုင် -လွိုင်ကော်လမ်းမကြီးပေါ်မှာ ရှိပါတယ်။ အဲဒီနေရာက စစ်ကောင်စီတပ်ဖွဲ့တွေပဲ ရှိတဲ့နေရာဖြစ်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လကလည်း ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသလိုက်ပါလာသည့်ကားကို စစ်က ငါန်းဇွန်းမြို့နယ်အတွင်း ပစ်ခတ်ခဲ့ရာ ဆရာတော်ပျံလွန်ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင်လည်း PDFများက ပစ်ခတ်ကြောင်း စစ်ကောင်စီက ကားဆရာကို ခြိမ်းခြောက်ထွက်ဆို ခိုင်းမှုဖြစ်ခဲ့သေးသည်။
သို့သော် ယာဉ်ပေါ်တွင်လိုက်ပါလာပြီး စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သည့် ကန်သုံးဆင့်ဆရာတော်က စစ်ကောင်စီက ပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၃၀ရက် နံနက် ၄ နာရီတွင်လည်း စစ်ကောင်စီသည် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ပအိုဝ်းဒေသ မောက်မယ်မြို့နယ် ဟိုနမ့်ဒေသရှိ ပအိုဝ်းကျေးရွာ နှစ်ရွာကို ဗုံး၁၄လုံးကြဲချတိုက်ခိုက်ခဲ့ဟု PNLAက အသိပေးသည်။
တိုက်ခိုက်မှုအတွင်း ကျေးရွာတစ်ရွာမှ နေအိမ် ၁၁လုံး ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။
” လူထိတာတော့ မရှိဘူး။ လူတွေကတိမ်းရှောင် ကုန်နေတော့ လူမထိခိုက်ဘူးဆိုပေမယ့် အိမ်တွေပျက်စီးသွားတာရှိပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။
ထို့အပြင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် နမ့်ယင်ကျေးရွာမှ ဒေသခံ ဖြားလိန်းကိုလည်း နိုဝင်ဘာ ၂၀ရက်က ပွန်ချောင်းတံတားအနီးတနေရာတွင် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီသည် PNLAနယ်မြေကို နိုဝင်ဘာ ၂၀ရက်တွင် စတင်ထိုးစစ်ဆင်ပြီး လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ထိုးစစ်ကြောင့်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ၃၀ဦးကျော် သေဆုံးခဲ့နှင့် လက်နက်အချို့ရရှိခဲ့ကြောင်း PNLAက အသိပေးထားသည်။