People’s Spring
ထိုင်းငါးဖမ်းလှေတွေကို မြန်မာရေတပ်သင်္ဘောက ပစ်ခတ်ခဲ့တဲ့အပေါ် ထိုင်းကကန့်ကွက်ပြီး ထိုင်း ငါးဖမ်းသမား ၄ ဦးကို ပြန်လွှတ်ပေးဖို့ တနဂါ်နွေ နေ့ မှာ ညှိနှိုင်းနေတယ်လို့ဘန်ကောက်ပို့စ် သတင်းဌာနကဖော်ပြပါတယ် ။
ထိုင်း ကာကွယ်ရေး ၀န်ကြီးဖုံသမ် ဝီချာရာချိုင်က ထိုင်းငါးဖမ်းလုပ်သား လေးဦးကို ပြန်လွှတ်ပေးရန် မြန်မာဘက်မှ အရာရှိတွေနဲ့ ညှိနှိုင်းဖို့ထိုင်း-မြန်မာ နယ်စပ်ကော်မတီ မှ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီး သာနာတစ်ပ် ဆာဝမ်ဆန်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့တာပါ ။
စနေနေ့ (နိုဝင်ဘာ ၃၀ ရက်) နေ့ မနက်အစောပိုင်း ၁ နာရီကျော်မှာ ထိုင်း-မြန်မာ နယ်စပ်နားက ရေပြင်မှာ မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုအတွင်း ထိုင်းငါးဖမ်း စက်လှေတွေ အထိတ်တလန့် ဖြစ်ခဲ့ပြီး ရေထဲခုန်ချခဲ့တဲ့စက်လှေဝန်ထမ်းတစ်ဦး ရေနစ် သေဆုံးခဲ့သလို ၃၁ ဦးကို မြန်မာ ရေတပ်က ဖမ်းဆီးသွားခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ထိုင်းငါးဖမ်းလှေ ၁၅ စီးပါဝင်တဲ့ အစုအဖွဲ့ထဲက ၂ စီးဟာ ပစ်ခတ်မှုခံခဲ့ရကြောင်း၊ အဲဒီဖြစ်စဉ်ဟာ ရနောင်းပြည်နယ် ကမ်းလွန် ရေပြင်မှာ ပေါ်ပေါက်ခဲ့ကြောင်းလည်း ဆိုပါတယ်။
အဲလိုဖြစ်ပြီးနောက် ငါးဖမ်းလှေ လုပ်သား ၃ ဦးဟာ ရေထဲကို အထိတ်တလန့် ခုန်ချခဲ့ရာမှာ ၁ ဦးက ရေနစ်သေဆုံးခဲ့ပြီး ၂ ဦးကိုတော့ ထိုင်းရေတပ်က ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ထိုင်းရေတပ်ရဲ့ အမှတ် ၃ ဒေသရေတပ်အကြီးအကဲ ဒုတိယ သေနာပတိ ဆူဝတ် ဒွန်ဆာကူလ်က မြန်မာပိုင်နက်ထဲ ၃၁ ဦး ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရတယ်လို့ ပြောပေမယ့် ဖမ်းဆီးသွားတဲ့ အဖွဲ့အစည်း နာမည်ကို အတိအကျ မှတ်ချက်မပေးခဲ့ပါဘူး။ အဖမ်းခံရသူတွေဟာ ထိုင်း ၄ ယောက်နဲ့ မြန်မာ ၂၇ ယောက်လို့လည်း ဆူဝတ်က ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ မြန်မာရေတပ်ဟာ ငါးဖမ်းလှေ တစ်စီးနဲ့ လှေပေါ်ရှိနေသူ ၃၁ ဦးကို မြန်မာရေတပ်က ဇာဒက်ကြီးကျွန်းသို့ ဖမ်းဆီးသွားခဲ့ကြောင်း၊ သူတို့တွေ လွတ်မြောက်ရေးအတွက် ထိုင်းရေတပ်က ညှိနှိုင်းနေတယ်လို့ သီးခြား ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းငါးဖမ်းသမားလေးဦး နဲ့ ငါးဖမ်းစက်လှေဟာ ရက်ပိုင်းအတွင်းပြန်လည်လွတ်မြောက်လာလိမ့်မယ်လို့ ထိုင်းအာဏာပိုင်တွေက မျှော်လင့်နေတယ်လို့ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ် ။
အာဏာသိမ်း မြန်မာစစ်တပ်ကတော့ အခုဖြစ်စဉ်အပေါ် ဘာမှတ်ချက်မှ မပေးဘဲ နှိုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နစ်ခွန်ဒက်ဂျ် ဘီလန်ကူရူက အဖမ်းခံထားရသူတွေ လွတ်မြောက်ရေးအတွက် မြန်မာ အာဏာပိုင်တွေနဲ့ ဆွေးနွေး ညှိနှိုင်းနေကြောင်း ပြောကြားခဲ့သလို ဖြစ်စဉ် တစ်ခုလုံးမှာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တဲ့ အခြေအနေတွေ ဆက်စပ် ပါဝင်ခဲ့သလား ဆိုတာကိုလည်း ဆန်းစစ်နေကြောင်း ပြောကြားသွားပါတယ်။
ထိုင်းငါးဖမ်းလှေတွေကို တုံ့ပြန်မှုလွန်ကဲစွာနဲ့အကြမ်းဖက်ခဲ့တဲ့အပေါ် ထိုင်းက သံတမန်လမ်းကြောင်းကနေ ကန့်ကွက်ထားတယ်လို့လည်းဆိုပါတယ် ။
ဒါအပြင် ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာကလည်း ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကနေတဆင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဆက်သွယ်ပြီး အခုကိစ္စကို ဖြေရှင်းဖို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကို ညွှန်ကြားထားပါတယ်။
ပြီးတော့ ဒီဖြစ်စဉ်မှာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်မှု ရှိမရှိ၊ ထိုင်းငါးဖမ်းလှေတွေအပေါ် မြန်မာဖက်က အလွန်အကျွံ အင်အားသုံးခဲ့တာ ရှိ၊ မရှိ စစ်ဆေးဖို့လည်း ဝန်ကြီးချုပ်က သက်ဆိုင်ရာ အစိုးရ အေဂျင်စီတွေကို အမိန့်ပေးထားပါတယ်။
ဒါအပြင် ထိုင်းဝန်ကြီးချုပ်ကအခုဖြစ်ရပ်မှာ မြန်မာရေတပ်က အကြမ်းဖက်တုံ့ပြန်မှုအပေါ် ဆန့်ကျင်ပြီး စုံစမ်းစစ်ဆေးမှုတွေကို စောင့်ဆိုင်းနေတယ်လို့ ချင်းရိုင်ခရိုင်ကိုရောက်ရှိနေစဥ် တနင်္ဂနွေနေ့ကပြောပါတယ် ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကလည်း တနလာ်နေ့ တွင် မြန်မာသံအမတ်အား ယခုဖြစ်ရပ်အားဆွေးနွေးဖို့ ဘန်ကောက်မြို့မှာခေါ်ယူထားပြီး ထိုင်းငါးဖမ်းလုပ်သားတွေချက်ချင်းပြန်လွှတ်ပေးဖို့တောင်းဆိုထားတယ် လို့ ဘန်ကောက်ပိုစ်သတင်းစာကဖော်ပြပါတယ် ။ ထိုင်းငါးဖမ်း သမားတွေဟာ ဘေးကင်းတယ်လို့လည်းသူကဆက်ပြောပါတယ်။
ထိုင်းနဲ့ မြန်မာတို့ဟာ ကပ္ပလီပင်လယ်အပါအဝင် ရေပြင်ရော၊ ကုန်းမြေပါ စုစုပေါင်း ၂၄၀၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ်မျိုး ထိစပ်နေပါတယ်။
ကိုးကား- Bangkok Post