▪︎ထိုင်းမှာ မြန်မာ့အရေးဆွေးနွေးပွဲလုပ်ဖို့ စီစဥ်နေချိန်မှာ စစ်ကောင်စီက ထိုင်းငါးဖမ်းလှေကို အင်အားသုံးဖမ်းဆီးထားတာဖြစ်
-အီယိုရီ/People’s Spring
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရနောင်းကမ်းလွန်၊ မြန်မာဖက်ခြမ်း ရေပိုင်နက်ထဲမှာ ငါးခိုးဖမ်းနေတဲ့ ထိုင်းစက်လှေ နှစ်စီးကို မြန်မာ ရေတပ်က ကြားဖြတ် ဟန့်တားခဲ့သလို ထိုင်း ၄ ယောက်နဲ့ မြန်မာ ၂၇ ယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ထိုင်းအာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရှေ့အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် ပီယာပက်ခ် ဆရီချာရုန်ဟာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသမ္မတ ဦးချစ်ဆွေကို တွေ့ဆုံပြီး ထိုင်းနိုင်ငံသား ၄ ဦး အမြန်ဆုံး လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဦးချစ်ဆွေက ဖြစ်စဉ်အတွက် စိတ်မကောင်းကြောင်း ပြောခဲ့ပေမယ့် ထိုင်းနိုင်ငံသားတွေရဲ့ အလားအလာနဲ့ ပတ်သက်လို့တော့ မှတ်ချက် မပေးသေးခဲ့ဘဲ နေပြည်တော်မှာ ရှိနေတဲ့ အာဏာသိမ်း စစ်ကောင်စီဆီ တင်ပြပေးမယ်လို့သာ အကြောင်းပြခဲ့ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက ထိုင်းနိုင်ငံသားတွေ ပြန်လည် လွတ်မြောက်လာရေးအတွက် အစိုးရ အနေနဲ့ အစွမ်းရှိသမျှ ကြိုးစားသွားမယ်လို့ ထိုင်းပြည်သူတွေဆီ ကတိပြုခဲ့ပါတယ်။

Public Service Announcement
ဒါ့အပြင် စစ်ကောင်စီရဲ့ ဒုတိယ ဝန်ကြီးချုပ်ဖြစ်သူ သန်းဆွေဆီကိုလည်း ကိုယ်တိုင် သတင်းစကားပေးပို့ ဆက်သွယ်ခဲ့ပြီး မြန်မာရေတပ် ပါဝင်ပတ်သက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်း ကိုင်တွယ်ပေးဖို့ တောင်းဆိုထားကြောင်း မာရစ်က ပြောပါတယ်။
ထိုင်းအစိုးရဟာ ရန်ကုန်မှာ အခြေစိုက်တဲ့ ထိုင်းသံအမတ်ကိုလည်း နေပြည်တော်ကို သွားရောက်ပြီး လက်ရှိကိစ္စအတွက် စစ်ကောင်စီ အာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံသား ၄ ယောက် လွတ်မြောက်ရေးအတွက် ဖြစ်နိုင်သမျှ သံတမန်ရေး လမ်းကြောင်း အားလုံးကို အသုံးပြုပြီး ကြိုးစား ညှိနှိုင်းသွားမယ်လို့လည်း မာရစ်က ဆိုပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ ဖြစ်စဉ်မှာ ထိုင်းငါးဖမ်းလှေတွေဟာ မြန်မာ့ ရေပိုင်နက်ထဲ ၆ ကီလိုမီတာနဲ့ ၇ ကီလိုမီတာလောက်စီ နယ်ကျော် ငါးဖမ်းခဲ့ရာက မြန်မာရေတပ် သင်္ဘောတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။ အဲဒီဖြစ်စဉ်မှာ ရေထဲခုန်ချ ထွက်ပြေးရာက ငါးဖမ်းလှေ လုပ်သားတစ်ဦး ရေနစ် သေဆုံးခဲ့ပါတယ်။
နောက်ပြီး ငါးဖမ်းလှေ လုပ်သား ၃၁ ဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံသား ၄ ဦး ပါဝင်နေခဲ့တာပါ။ ရေထဲခုန်ချ လွတ်မြောက်ခဲ့တဲ့ ထိုင်းနိုင်ငံသား ၁ ယောက်နဲ့ မြန်မာ ၁ ယောက်ကတော့ ရနောင်းမှာ ဆေးရုံတက်ပြီး ဆေးဝါးကုသမှုတွေ ဆက်လက် ခံယူနေဆဲ ဖြစ်ပါတယ်။
ကနဦးက မြန်မာစစ်သင်္ဘောတွေဟာ ထိုင်းငါးဖမ်းလှေတွေကို ပစ်ခတ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီဖြစ်စဉ်မှာ ခြောက်လှန့်ပစ်ခတ်မှုသာ ရှိခဲ့တယ်လို့ ဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့ လက်နက် တပ်ဆင်မထားတဲ့ အရပ်ဖက် ငါးဖမ်းလှေတွေကို မြန်မာရေတပ်က အလွန်အကျွံ အင်အားသုံးပြီး ကိုင်တွယ်ခဲ့သလားဆိုတဲ့ မေးခွန်းတွေတော့ ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။
မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ ရေတပ်ဟာ ထိုင်းငါးဖမ်းစက်လှေတစ်စီးကို နိုဝင်ဘာ ၃၀ရက် နံနက်အစောပိုင်းမှာ ဖမ်းဆီးခဲ့တာမှာ ငါးဖမ်းလှေပေါ်ပါ ထိုင်း နိုင်ငံသား ၄ဦးနဲ့ မြန်မာနိုင်ငံသား ၂၇ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောထားပါတယ်။ထိုင်းငါးဖမ်းစက်လှေကို မြန်မာရေပိုက်နက်အတွင်း ဖမ်းဆီးခဲ့တာဖြစ်ပြီး ၊ဖမ်းဆီးထားသူတွေထဲမှာ လက်နက်ခဲယမ်းမဟုတ်တဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွှယ်နေတဲ့ ပစ္စည်းတွေ တွေ့လို့ စစ်ဆေးလျှက်ရှိတယ်လို့ ဇော်မင်းထွန်းက ဆိုပါတယ်။
ဒါပေမယ့် ထိုင်းငါးဖမ်းစက်လှေကို ဖမ်းဆီးမှုအတွင်း စစ်ကောင်စီရေတပ်က သေနတ်နဲ့ ပစ်ခတ်တာ၊ ဖြစ်စဥ်အတွင်း ထိုင်းနိုင်ငံတစ်ဦးရေနစ်သေဆုံးခဲ့တာ ၊ ထိုင်းနိုင်ငံသားတစ်ဦးနဲ့ မြန်မာတစ်ဦး သေနတ်ကျည်ထိမှန်မှု အခြေအနေတွေကိုတော့ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုခြင်းပါဘူး။ လူသေဆုံးထိခိုက်မှု မရှိဘူးလို့ပဲငြင်းဆိုခဲတာပါ။
တဖက်တွင် ထိုးအစိုးရက ဒီဇင်ဘာလအတွင်း တော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ဖို့စီစဥ်နေချိန်မှာစစ်ကောင်စီက ထိုင်းငါးဖမ်းစက်လှေကို ရှားရှားပါးပါးပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။
ထိုင်းငါးဖမ်းစက်လှေတွေဟာ ဆယ်စုနှစ်ချီပြီးတော့ မြန်မာရေပိုက်နက်နဲ့ ထိုင်းရေပိုင်နက်တွေမှာငါးဖမ်းတဲ့ ဖြစ်စဥ်တွေ ရှိခဲ့ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်းမှာမြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
“အခုကိစ္စမှာ နိုင်ငံရေးနဲ့ဘယ်လိုဆက်နွှယ်ပြီးလုပ်လဲတော့ အသေအချာမပြောတတ်ဘူး။ နှစ်ပေါင်း ၃၀ အတွင်း အခုလို လုပ်ရပ်က ပထမဆုံးဖြစ်တယ်လို့ ပြောလို့ရတယ်။ သိရသလောက်က မြန်မာဘက်က ပစ်ခတ်လို့ လှေပေါ်က ထိုင်းတစ်ယောက် ရေထဲခုန်ချလို့ သေဆုံးတယ်။ နောက်တစ်ခါ လှေပဲ့ထိန်းခန်းထဲမှာရှိတဲ့ ထိုင်းတစ်ယောက်လည်း သေနတ်ကျည်ထိမှန်ထားတယ်။ သူ့ထွက်ချက်က အရေးကြီးတယ်”လို့ ရေလုပ်သားတွေအပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူက ပြောပါတယ်။
ဒါအပြင် ထိုင်းအစိုးရ ကမကထပြုကျင်းပမယ့်မြန်မာ့အရေးဆွေးနွေးရက်ကို မသိရသေးပေမယ့် ဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် စတင်ကြိုးပမ်းဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားဖော်ပြကြပါတယ်။
စစ်ကောင်စီရေတပ်ရဲ့ သေနတ်နဲ့ ပစ်ခတ်မှု၊ ထိုင်းနိုင်ငံသားတစ်ဦးသေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံသားတွေက ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပြန်မောင်းထုတ်ဖို့ အွန်လိုင်းကနေ လှုံ့ဆော်မှုတွေလည်း စတင်တွေ့လာရတယ်လို့ အထက်ပါ ရွှေ့ပြောင်းအလုပ်သားအရေးကူညီဆောင်ရွက်နေသူက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက၏တော့ အထက်ပါအရေးနဲ့ပတ်သက်၍ ထိုင်းနိုင်ငံကို တရားဝင်အကြောင်းကြားထားပြီးတော့ ထိုင်း-မြန်မာ နှစ်နိုင်ငံဟာ အစိုးရချင်းရော၊ စစ်တပ်ချင်းပါ ကောင်းမွန်၊ အဆက်မပြတ်တဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အဲဒီဖြစ်ရပ်အပေါ်သတင်းဖော်ပြတဲ့လွတ်လပ်သော ပြည်တွင်းသတင်းဌာနတွေကို ပြည်ဖျက်မီဒီယာတွေက ချဲ့ကားဖော်ပြမှုလို့လည်းစွပ်စွဲပါတယ်။ အမှန်မှာ အဲဒီဖြစ်စဥ်ကို ထိုင်းသတင်းဌာန တွေက ဦးစားပေးသတင်းအဖြစ် ထိုင်း ၊အဂ်လိပ် ဘာသာတွေနဲ့ကနဦးဖော်ပြတာကို ပြည်တွင်းသတင်းဌာနတွေက ဘာသာပြန်ဆိုဖော်ပြနေကြတာဖြစ်ပါတယ်။
စစ်တပ်က သေနတ်နဲ့ ပစ်ခတ်စဥ် ကြောက်လန့်ရေထဲခုန်ချပြီးရေနစ်သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံသားရဲ့ နာရေးကိုထိုင်းစစ်တပ်မှာတာဝန်ရှိသူကသွားရောက်ခဲ့ပါတယ်။ဒါအပြင် ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ မိသားစုဝင်တွေကိုလည်းထိုင်းစစ်တပ်ကတွေ့ဆုံအားပေးခဲ့ပါတယ်။
ကိုးကား- Thaiger၊ Khaosod
