▪︎မြန်မာပြည်သူတွေရဲ့ အောင်ပွဲဟု သံအမတ်ကြီးပြော
ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား လက်ရှိတာဝန်များအတိုင်း ဆက်လက်ခန့်အပ်ကြောင်း ကုလသမဂ္ဂရဲ့ Credentials Committee က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံကိုယ်စားပြုနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေကို အပြည့်အဝကိုယ်စားပြု ရပ်တည်နေတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာ လက်ရှိအတိုင်း ဆက်လက်အတည်ပြုခဲ့တာပါဖြစ်ပါတယ်။
“စစ်ကောင်စီ ရဲ့ ကိုယ်စားပြုဖို့ ကြိုးစားနေတာကို ဆက်လက် တားဆီး နိုင်သလို ပြည်သူတို့ရဲ့ အသံ၊ ဆန္ဒတွေကို ဒီ UN က တဆင့် ဆက်ပြုလုပ်ရနေမှာ ဖြစ်တဲ့အတွက်ဝမ်းသာပါတယ်။ ပြည်သူ့တော်လှန်ရေး၊ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ဆက်လက်ပြီး အားတအား ဆက်ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ပြည်သူ့တွေရဲ့ အောင်ပွဲတစ်ခုပါပဲ” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက People’s Spring-လူထုနွေဦးကို ဒီဇင်ဘာ ၆ ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီဝန်းကျင်မှာပြောကြားပါတယ်။

Public Service Announcement
NLD အစိုးရလက်ထက်မှာ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ခဲ့ကာ အာဏာသိမ်းစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုများကို ကုလသမဂ္ဂ ညီလာခံ၊ အစည်းအဝေးများမှတဆင့် ကုလအဖွဲ့ဝင်နိုင်ငံများနဲ့ နိုင်ငံတကာက သိရှိအောင် စဥ်ဆက်မပြတ် ရှင်းလင်းအစီရင်ခံခဲ့ပါတယ်။
