Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့တွင် ​လေးရက်ဆက် တိုက်ပွဲဖြစ်

ဗန်းမော်မြို့အနေဖြင့်ကချင်ပြည်နယ်၌ စစ်ရေးအရ အရေးပါမှုအခြေအနေကို မေးမြန်းရာ “ဗန်းမော်ကတော့ မြစ်ကြီးနား ပြီးရင်တော့ ဒုတိယ အကြီးဆုံးမြို့ဖြစ်နေတာ။

(KIA တပ်ဖွဲ့ဝင်များ စစ်​ရေး​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-File Photo)
(KIA တပ်ဖွဲ့ဝင်များ စစ်​ရေး​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-File Photo)

▪︎“ဗန်းမော်ကတော့ မြစ်ကြီးနား ပြီးရင်တော့ ဒုတိယ အကြီးဆုံးမြို့ဖြစ်နေတာ။ အဲဒီလောက်ဆိုရင်တော့ အားလုံးနားလည်ပြီးသားဖြစ်မှာ”

-ဗိုလ်မှူးကြီး​နော်ဘူ

-ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့်မဟာမိတ်များက ဗန်းမော်နှင့် မံစီဒေသ တစ်ခုလုံးသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ​လေးရက်​မြောက်​နေ့တွင်လည်း တိုက်ပွဲများဆက်ရှိနေကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗန်းမော်မြို့ နှင့် မံစီဒေသရှိလက်ကျန် စစ်ကောင်စီတပ်စခန်းများကို KIAက ဒီဇင်ဘာ ၄ရက်မှ စတင်တိုက်ခိုက်ခဲ့ရာ ဒေသတွင်း စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး KIAထံမေးမြန်းရာ သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကဒီဇင်ဘာ ၇ရက်တွင် ​ဖြေကြားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဗန်းမော်ဘက်က သတင်းထူးတွေမတက်ဘူး။ တိုက်ပွဲတော့ ဆက်ရှိနေတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဒေသခံများစစ်ရှောင်ရမှု အခြေအနေကို မေးမြန်းရာ ဒေသခံအချို့ မြို့မှ ထွက်ကြပြီဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗန်းမော်တွင် KIAတပ် စစ်ကောင်စီတပ်စွဲရာနေရာအများအပြား သိမ်းပိုက်ထားနိုင်သည့် သတင်းများနှင့်ပတ်သက်၍ မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက တိုက်ပွဲသတင်း အသေးစိတ် အချက်အလက်များ မရသေးဘဲ တိုက်ပွဲ ဆက်ရှိနေသည်ဟုသာ ကြားရကြောင်း ပြောသည်။ လူမှုကွန်ရက်တွင် ကြိုက်သလို ရေးသား ဖော်ပြနေသည့် သတင်းများကို အတည်ပြုပေးနိုင်ခြင်းမရှိဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

ဗန်းမော်မြို့အနေဖြင့်ကချင်ပြည်နယ်၌ စစ်ရေးအရ အရေးပါမှုအခြေအနေကို မေးမြန်းရာ “ဗန်းမော်ကတော့ မြစ်ကြီးနား ပြီးရင်တော့ ဒုတိယ အကြီးဆုံးမြို့ဖြစ်နေတာ။ အဲဒီလောက်ဆိုရင်တော့ အားလုံးနားလည်ပြီးသားဖြစ်မှာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့ပြင် ဗန်းမော်နှင့် မြစ်ကြီးနားကို တိုက်ခိုက်ခြင်းမပြုရန် KIAကို တရုတ်အစိုးရက ဖိအားပေးမှုရှိသည်ဟု သတင်းရင်းမြစ်အချို့၏ ပြောကြားချက်နှင့်ပတ်သက်ပြီးမေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက “အဲဒါကတော့ ကျနော်ကတော့ မကြားဘူး။ တရုတ်ကတော့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး နယ်စပ်တကြောလုံးမှာ တိုက်ပွဲမဖော်ဆောင်ဖို့ ပြောတာတော့ရှိပါတယ်” ဟု ဖြေကြားသည်။

KIA အနေဖြင့် ပြီးခဲ့သည့် လများအတွင်းက မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီ၊ ဖီမော်၊ ပန်ဝါအပါအဝင် ဒေသတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့​နောက် စစ်အာဏာရှင်များက သတ်မှတ်ခဲ့သည့် ကချင်အထူးဒေသ(၁) သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့သည်။

ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်များ၏ ပြောပြချက်အရ ဗန်းမော်နှင့် မံစီ မြို့သိမ်း စစ်ဆင်ရေး ပထမနေ့တွင် စစ်ကောင်စီတပ်စွဲရာ နေရာ ၁၀နေရာကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး ဒီဇင်ဘာ ၅ရက် စစ်ဆင်ရေး ဒုတိယနေ့တွင် စစ်ကောင်စီတပ်စွဲရာနေရာ ၅နေရာကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။ ဒီဇင်ဘာ ၆ရက်တွင် ဗန်းမော်မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာ စုပေါင်းရုံးကို တိုက်ခိုက်ရှင်းလင်းနေကြောင်း ကချင်စစ်​ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီဘက်ကလည်း လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၆ရက်နေ့ တိုက်ပွဲတွင် လေကြောင်း တိုက်ခိုက်မှု ၁၃ကြိမ်ပြုလုပ်ခဲ့သည်။

“ဒီနေ့ (ဒီဇင်ဘာ ၆) ခလရ(၄၇)မှာ တိုက်ပွဲပြင်းထန်တယ်။ ဗန်းမော်မြို့မ ရဲစခန်းကို KIA ထိုးစစ်ဆင် တိုက်ခိုက်နေတယ်။ ဗန်းမော် မိုးမောက် ၇မိုင်၊ ၆မိုင် ဘက် တိုက်ပွဲပြင်းထန်တယ်။ မင်းလှ၊နောင်ခိုဘက် တိုက်ပွဲပြင်းထန်တယ်။ မံစီမြို့နားရှိ ခမရ(၆၀၁)၊ (၃၁၉)ဘက် တိုက်ပွဲပြင်းထန်တယ်။ လေကြောင်းပစ်ကူ ၁၃ကြိမ်ရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

KIA၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း တင့်ကားတစ်စီး၊ လက်နက်ခဲယမ်းများနှင့် အလင်းဝင်သူများရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးသည်။

ထိုအပြင် စစ်ကောင်စီ၏လက်နက်ကြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ​ဒေသခံပြည်သူ အချို့ သေဆုံး ဒဏ်ရာ ရခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။တိုက်ပွဲ ပထမ ၂ ရက်တွင် စစ်တပ်က ပိတ်ဆ်ု့ထား၍ ​​ဒေသခံပြည်သူ အနည်းငယ်သာမြို့မှထွက်​ပြေးတိမ်း​ရှောင်နိုင်ခဲ့​သော်လည်း တတိယရက် ဒီဇင်ဘာ ၆ ရက်တွင် မြို့မှပြည်သူ ​​အများအပြားထွက်​ပြေးတိမ်း​ရှောင်နိုင်ခဲ့​ကြောင်း​ဒေသခံအချို့တင်ထား​သောရုပ်သံမှတ်တမ်းအချို့ တွင်​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။