မေ/People’s Spring
တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ သပိတ်ကျင်းမြို့နယ်က ခုနစ်မိုင်ကျေးရွာမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး တွင်းငယ်ကျေးရွာကိုလည်း စစ်ကောင်စီက အင်အားတွေထပ်တိုးပြီး စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAက ပြောပါတယ်။
သပိတ်ကျင်းမြို့နဲ့ (၇)မိုင်သာကွာဝေးတဲ့ ခုနစ်မိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းရှိပါတယ်။ အဲဒီကျေးရွာမှာ အခု ဒီဇင်ဘာလဆန်းပိုင်းကတည်းက တိုက်ပွဲတွေဖြစ်နေတာပါ။
စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ နေ့စဥ်တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲအသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်တွေ ဆုတ်ခွာထားရတဲ့ သပိတ်ကျင်းမြို့နဲ့ (၂၆)ခန့်ကွာဝေးတဲ့ တွင်းငယ်ကျေးရွာကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
စစ်တပ်ကပြန်လည်သိမ်းယူသွားတဲ့နေ့ကစပြီး မီးရှို့ဖျက်ဆီးတာတွေပြုလုပ်နေတာလို့ ဆိုပါတယ်။ ဒါပြင် Y12လေယာဉ်နဲ့ လက်နက်ရိက္ခာဖြည့်တင်းတာတွေ မနေ့ကအထိ ဆက်တိုက်ပြုလုပ်နေတယ်လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တွင်းငယ်ကျေးရွာကို တော်လှန်ရေးတပ်တွေက ဝိုင်းရံပိတ်ဆို့ထားဆဲဖြစ်ပြီး စစ်တပ်က ရှေ့တိုးဖို့ကြိုးစားတာကြောင့် ပြီးခဲ့တဲ့တပတ်လောက်က တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
“ရှေ့တိုးဖို့ကြိုးစားနေတာပေါ့။တပ်ပေါင်းစုကသေချာတောင့်ခံပြီး ပြန်တိုက်ထုတ်တော့ သူတို့တွေရှေ့တိုးလို့မရဘူးဖြစ်နေတာပေါ့”လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့၂ရက်အတွင်းတော့ တွင်းငယ်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားတာမရှိခဲ့ပေမယ့် နောက်လာမယ့်ရက်တွေမှာတော့ တိုက်ပွဲဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။
တွင်းငယ်ကျေးရွာကို တော်လှန်ရေးတပ်တွေက ၃လခန့်အကြာ သိမ်းယူထားနိုင်ခဲ့ပေမယ့် ဒီဇင်ဘာ ၄ရက်နေ့မှာ စစ်တပ်ကပြန်လည်သိမ်းယူသွားတာပါ။ တွင်းငယ်ကျေးရွာမှာ စစ်ကောင်စီရဲ့ အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)ရှိပါတယ်။
သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲကထွက်ပြေးလာတဲ့ စစ်သားတွေဟာ အဲဒီ တတက−၁၃မှာ စုဝေးနေကြတာပါ။ အဲဒီကနေ စုဝေးစစ်ကြောင်းထိုးပြီး ကျေးရွာကို ပြန်သိမ်းယူခဲ့တာဖြစ်ပါတယ်။
တွင်းငယ်ကျေးရွာက ရဲကင်းစခန်းကို မန္တလေးတိုင်း တာဝန်ခံရုံးကွပ်ကဲပြီး အမှတ် (၅၀၉)တပ်ရင်း၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF၊ ABSDF ကျောင်းသားတပ်နဲ့ သပိတ်ကျင်းမြို့နယ် ပကဖတို့က ဇူလိုင်၂၇ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ အမှတ်(၁)စစ်ဒေသရုံးက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တွင်းငယ်ကျေးရွာကို PLA က ဩဂုတ် ၁၇ ရက်မှာ သိမ်းပိုက်ခဲ့တာလို့လည်း အသိပေးထားပါတယ်။
မန္တလေးမြို့နဲ့ မိုင်(၈၀)ခန့်အကွာမှာ ရွှေလုပ်ကွက်တွေကြောင့် နာမည်ကြီးတဲ့ သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၉ ရက်ကြာတိုက်ခိုက်ပြီးနောက် ပြီးခဲ့တဲ့ သြဂုတ် ၂၅ရက်မှာ အပြီးသတ် သိမ်းပိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထားပါတယ်။