Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ ညဘက်အချိန် နောက်ထပ် ‌၄နာရီ မီးထပ်ဖြတ်မည်

ရန်ကုန်မြို့ရှိ ခရိုင်အားလုံးတွင် အုပ်စု အေ ၊ ဘီ ခွဲ၍ နံနက် ၅ နာရီမှ နောက်တစ်ရက်နံနက် ၁နာရီအတွင်း လေးနာရီခြားတစ်ကြိမ် အလှည့်ကျ မီးပေးမည်ဖြစ်သည်။

(ကျွန်းတောလမ်းပွဲဈေးပြုလုပ်နေချိန် စမ်းချောင်းမြို့နယ်မှ မီးပျက်နေသည့် လမ်းများကို ဒီဇင်ဘာ ၁၃ ရက်ညက တွေ့ရစဉ်။ ဓာတ်ပုံ – PS)
(ကျွန်းတောလမ်းပွဲဈေးပြုလုပ်နေချိန် စမ်းချောင်းမြို့နယ်မှ မီးပျက်နေသည့် လမ်းများကို ဒီဇင်ဘာ ၁၃ ရက်ညက တွေ့ရစဉ်။ ဓာတ်ပုံ – PS)

ရောင်နီ/People’s Spring

ရန်ကုန်မြို့တွင် အလှည့်ကျမီးဖြတ်သည့်စနစ်အတွင်း ဒီဇင်ဘာ ၁၉ရက်ကစ၍ ညဘက်အချိန်တွင် နောက်ထပ် ၄နာရီထပ်တိုးဖြတ်မည်ဟု စစ်ကောင်စီ၏ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများက အသိပေးသည်။

ရန်ကုန်မြို့ရှိ ခရိုင်အားလုံးတွင် အုပ်စု အေ ၊ ဘီ ခွဲ၍ နံနက် ၅ နာရီမှ နောက်တစ်ရက်နံနက် ၁နာရီအတွင်း လေးနာရီခြားတစ်ကြိမ် အလှည့်ကျ မီးပေးမည်ဖြစ်သည်။

လက်ရှိတွင် နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း လေးနာရီတစ်ကြိမ်မီးဖြတ်သည့်စနစ်ဖြင့် အလှည့်ကျမီးပေးနေခြင်းဖြစ်ပြီး ယခုတွင် ည ၉ နာရီမှ နံနက် ၁ နာရီအတွင်းပါ မီးဖြတ်ချိန်ထပ်တိုးလိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ယခင်က မီးဖြတ်ချိန် တစ်ရက်လျှင် ရှစ်နာရီသာရှိသော်လည်း‌ တိုးမြှင့်လိုက်သည့် စနစ်ကြောင့် တစ်ရက်လျှင်ပျှမ်းမျှ ၁၀နာရီ မီးဖြတ်ခံရမည်ဖြစ်သည်။

“19-12-24(21:00)မှ20-12-24(01:00)အထိ သင်္ဃန်းကျွန်းမြို့နယ်ရှိခွဲရုံအားလုံးမှ ဓာတ်အားပေးထားသော အုပ်စုAအား အလှည့်ကျဓာတ်အားပိတ်ဆောင်ရွက်ပါမည်။”ဟု သင်္သန်းကျွန်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံး(YESC Thingangyun)က ယနေ့ည ကြေညာထားသည်။

ထို့ပြင် လျှပ်စစ်ဝန်ထမ်းတစ်ဦးကလည်း မီးဖြတ်ချိန် တစ်ချိန်ထပ်တိုးထားကြောင်း နှင့် စက်မှုဇုန်များအား တစ်ရက်ခြား လေးနာရီသာပေးတော့မည်ဟု ရေးသားထားသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုလျော့ကျသည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ရုံးများက အလှည့်ကျမီးဖြတ်သည့်စနစ်များကို တစ်စထက်တစ်စ တိုးမြှင့်လာခြင်းဖြစ်သည်။

“ညဘက်ကို‌‌ လေးနာရီဆက်တိုက်ဖြတ်တာတော့ လုံးဝအဆင်ပြေမနေပါဘူးရှင့်။ အခုဆိုနေ့ဘက်လာချိန်လဲအပြည့်အဝမလာပါဘူး။ နေ့ခင်းဘက်ဘာအလုပ်မှလုပ်မရတော့ ညဘက်မီးလာချိန်မှအိမ်အလုပ်တွေလုပ်ရပါတယ်။ မီးလာချိန်လေးတေ့အပြည့်အဝရချင်ပါတယ်။ အခုဆိုနေ့ခင်းဘက်မီးလာချိန်က နှစ်နာရီလောက်ပဲရနေတာ။ စိတ်ဓါတ်တွေလဲတကယ်ကျနေပါပြီ။ နွေရာသီဆို လျှပ်စစ်မီးတောင်မြင်ရပါတော့မလား တွေးရင်းရင်တွေမော။”ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက ညည်းတွားထားသည်။

မီးဖြတ်ချိန်တိုးမြှင့်သည့်အလျောက် မီးပေးရမည့်အချိန်တွင် အပြည့်အဝပေးရန် ဒေသခံများက တောင်းဆိုထားသည်။

“မနက် ၉ နာရီအလှည့်ဆို ၁၅ မိနစ်လာတယ် ။ ပြီးရင်ပြန်ပျက်တယ်။ ပျက်ခါနီးအချိန်ဆို ပြန်လာတယ်။ တစ်ရက်လည်းမဟုတ်ဘူး။ နေ့တိုင်းဖြစ်နေတာ”ဟု ကမာရွတ်မြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောသည်။

စက်မှုဇုန်များတွင် တစ်ရက်ခြား နံနက် ၉နာရီမှ နေ့လည် ၁ နာရီအထိသာ မီးရမည်ဖြစ်ပြီး တနင်္ဂနွေနေ့တိုင်းကို မီးဖြတ်မည်ဟု အသိပေးထားသည်။

“ရက်စက်လိုက်တာဗျာ စက်မှုဇုံကတရက်ခြား ၄နာရီဆိုတော့ ၄၈နာရီမှ ၄နာရီပဲရတာ ။ ဘာလုပ်တော့မှာလဲဗျာ။ “ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ၎င်း၏မိသားစုဝင်များကို ဆိုလာလုပ်ငန်းလုပ်ကိုင်ခွင့် ပေးထားသောကြောင် ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်နိုင်သည်ဟု ပြည်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် စက်တင်ဘာလမှစတင်၍ မီတာခကို ယခင်ထက် နှစ်ဆနီးပါးတိုးမြှင့်ကောက်ခံလျက်ရှိသောကြောင့် မီးမလာ‌သော်လည်း မီတာခကို ယခင်ထက် နှစ်ဆမက ပေးဆောင်နေရသည်ဟု ဒေသခံများကဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်မှုသည် နိုင်ငံတစ်ဝန်း ဆိုးရွားစွာရင်ဆိုင်နေရကာ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံများမှာလည်း ၂၀၂၃ နှစ်ဆန်းပိုင်းက ထွက်ခွာသွားခဲ့သည်။

ထိုမတိုင်မီက တနိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ် လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄,၂၀၀ ရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် မဂ္ဂါဝပ် ၂,၀၀၀ ခန့်သာ ထုတ်လုပ်နိုင်တော့သည်။

အရပ်သားအစိုးရလက်ထက်တွင် ၂၀၁၈ ဇန် နဝါရီက မဂ္ဂါဝပ် (၃၀၀၀) ခန့်ထွက်ရှိမည့် LNG စီမံ ကိန်း (၃)ခု နှင့် ၂၀၁၉တွင် မဂ္ဂါဝပ် ၉၀၀ထွက်ရှိမည့် LNG စီမံကိန်း ၃ကို လုပ်ကိုင်ခွင့်စတင်ပေးခဲ့ပြီး ၃နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်ရန်စီစဉ်ထားခဲ့သည်။

သဘာဝဓါတ်ငွေ့အရည် (LNG)ဖြင့် ဓာတ်အားထုတ် လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများသည် ၂၀၂၀ဇွန်လတွင် ဓာတ်အားစတင်ထုတ်လုပ်ခဲ့သည်။

နွေရာသီတွင် မီးမပျက်စေရန် သဘာဝဓာတ်ငွေ့သုံး စီမံကိန်းငါးခုဖြစ်သည့် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့်သာကေတတို့တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သောအစိုးရလက်ထက်တွင် တည်ဆောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းဟာ ပုံမှန်အောက် ထက်ဝက်လောက် လျော့ကျနေကြောင်း စစ်ကောင်စီ အာဘော် မီဒီယာက ဝန်ခံခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့တွင် လျှပ်စစ်မီးဖြတ်တောက်ထားမှုအပေါ် ဆန့်ကျင်သည့် လှုပ်ရှားမှုကို တော်လှန်လူငယ်အချို့က ယနေ့ (ဇန်နဝါရီ ၁၇) နံနက်တွင် ပြုလုပ်ခဲ့သည်။

သတင်း

ရန်ကုန်မြို့တွင် တစ်ရက်တည်း ဓားထိုးခံရပြီး လူသေဆုံးမှုဖြစ်စဉ် မရမ်းကုန်းနှင့် ဒေါပုံမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည်။

သတင်း

ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၅ရက်ကစတင်၍ တစ်ရက်လျှင် ၈နာရီသာ လျှပ်စစ်မီးရတော့မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက အသိပေးသည်။