ဟန်နွေ/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ လက်ကျန်စခန်းများကို အပြီးသတ်သိမ်းပိုက် နိုင်ရေးထိုးစစ်ဆင်လျက်ရှိရာ ယနေ့(ဒီဇင်ဘာ ၂၇ရက်)တွင် တိုက်ပွဲဆက်ဖြစ်နေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မံစီမြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို KIAက သိမ်းရထားသော်လည်း စစ်ရေးသတင်းလုံခြုံရေးအရ အသေးစိတ်အချက်အလက်များပြောပြခြင်းမရှိဘဲ တိုက်ပွဲဖြစ်ပွားမှုကိုသာ အသိပေးခြင်းဖြစ်သည်။
” ဒီမနက်မှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။ ခမရ(၃၁၉)၊ ၆၀၁နဲ့ ၃၅၂ အမြောက်တပ်တို့ကို ဆက်လက်ထိုးစစ်ဆင်နေပါတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အခြား သတင်းရင်းမြစ်တစ်ဦးကလည်း ယနေ့တွင် KIA သိမ်းထားသည့် ၆၀၁အမြောက်တပ် ရင်း၏ စခန်းကုန်းတစ်ခုသို့ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ရာ ထိုးစစ်လှန်ကျခဲ့ဟု ပြောသည်။
ထို့ပြင် စစ်ကောင်စီဘက်က အလံဖြူထောင် အလင်းဝင်လာသူများလည်း ဆက်ရှိနေသည်ဆိုသော်လည်း အသေးစိတ် အခြေအနေများ ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။
ထို့ပြင် မံစီမြို့နှင့်အတူ တပြိုင်တည်း တိုက်ခိုက်နေသည့် ဗန်းမော်မြို့တွင်လည်း ဒီဇင်ဘာ ၂၇ရက်တွင် တိုက်ပွဲများဆက်ရှိနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။
KIAသည် ဒီဇင်ဘာ ၄ရက်တွင် ဗန်းမော်နှင့် မံစီမြို့အပြီးသတ် သိမ်းနိုင်ရေးထိုးစစ်စတင်ခဲ့ခြင်းဖြစ်သည်။