အီယိုရီ/People’s Spring
စစ်အာဏာသိမ်းမှုနောက်ပိုင်း လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များသည် မကြုံဖူးသည့်အဆင့်ထိ မြင့်မားလာနေပြီး ၂၀၂၅ခုနှစ်တွင် လူဦးရေ သန်း၂၀ နီးပါး လိုအပ်ချက်ရှိမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)၏ ယနေ့(ဇန်နဝါရီ ၃ရက်)ထုတ်ပြန်ကြေညာချက်၌ မြန်မာနိုင်ငံတွင် ယခုနှစ်အတွက် လူဦးရေး ၁၉ ဒသမ ၉သန်းခန့်က လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်မည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။ ယင်းသည် နိုင်ငံ့လူဦးရေ၏ ၃၇ ရာခိုင်နှုန်းခန့်မှာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံရှိ ပြည်သူလူထုအတွက် မဆုံးနိုင်သောပဋိပက္ခများ၊ ထပ်တလဲလဲ ဖြစ်ပွားခဲ့သည့် မုတ်သုံရာသီရေဘေး၊ စံချိန်တင်များပြားသည့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှုနှင့် ရန်ပုံငွေနည်းပါးခဲ့သည့် တုံ့ပြန်ကူညီရေးအစီအစဉ်တို့ကြောင့် နက်ရှိုင်းလှသော လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းများဖြင့် ရုန်းကန်ခဲ့ရသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း OCHA က ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၄နှစ်နီးပါးအတွင်း ၂၀၂၄ နှစ်ကုန်၌ ပြည်တွင်း နေရပ်စွန့်ခွာသူ ဦးရေ ၃ ဒသမ ၅ သန်းကျော်လွန်ခဲ့ပြီဖြစ်ကြောင်း OCHA ၏ ထုတ်ပြန်ချက်အရ သိရသည်။
အရပ်သားများသည် ကာကွယ်စောင့်ရှောက်မှုလိုအပ်သည့် အန္တရာယ်များ၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ မရှိမဖြစ်ပြည်သူ့ဝန်ဆောင်မှုစနစ်များ ပြိုလဲလုနီးပါးဖြစ်နေသည့် အခြေအနေ၊ စီးပွားရေးမတည်ငြိမ်မှုကြောင့် ငွေကြေးဖောင်းပွမှုနှင့် ယင်း၏အကျိုးဆက်အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုများဖြင့် ရင်ဆိုင်နေရကြောင်း OCHA က ဆိုသည်။
OCHA သည် ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဥ်ကို ထုတ်ဝေခဲ့ပြီးဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် လူဦးရေ ၅ ဒသမ ၅ သန်းကို လူမှုဘ၀ရှင်သန်ရေး အကူအညီများ ပေးအပ်နိုင်ရန် ရည်မှန်းထားကာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံလိုအပ်ကြောင်း ဖော်ပြသည်။
လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် ၂၀၂၄ ခုနှစ် စက်တင်ဘာအထိ လူဦးရေ ၃ သန်းခန့်ကို အကူအညီများပေးအပ်ခဲ့ပြီး သွားလာခွင့် ကန့်သတ်ချက်များနှင့် ရန်ပုံငွေ အလွန်အမင်း နည်းပါးနေသည့်ကြားမှပင် နှစ်ကုန်ပိုင်းတွင် လူဦးရေ ၃ ဒသမ ၉ သန်းခန့်ကို အကူအညီပေးအပ်နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။
သွားလာခွင့် ကန့်သတ်မှုများ၊ ထောက်ပံ့ပို့ဆောင်မှု၊ ရန်ပုံငွေရရှိမှုနှင့် လုံခြုံရေး အခြေအနေများကို ထည့်သွင်းစဉ်းစားပြီး အစုအဖွဲ့များမှ တဆင့် ထိခိုက်လွယ်သည့် လူထုထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သူများသည် အခက်အခဲ အများအပြားနှင့် ဆက်လက် ကြုံတွေ့နေရကြောင်း OCHA က ဖော်ပြသည်။