■၁၂၀ ခန့်ပါ စစ်ကြောင်းကို PDFများတိုက်ခိုက်၍၄၀ ခန့်သာကျန်ဟု PDF အချို့ပြော
■ဝက်လက်မြို့နယ်အခြားတနေရာတွင်လည်းစစ်တပ်စစ်ကြောင်းတစ်ကြောင်းကိုPDFများတိုက်ခိုက်၍စစ်ကြောင်းပျက်သွားဟုကနဦးသတင်းရ
ရှိန်း/People’s Spring
ဝက်လက်မြို့နယ်၊အရှေ့တောင်ဘက်က အုန်းနှဲဘုတ်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တပ်မ ၃၃ စစ်ကြောင်းဟာ ဆယ်နဲ့ချီသေဆုံးခဲ့ပြီး စစ်သား ၁၂ဦးခန့် ဟာ PDF တွေထံမှာအလံဖြူထောင်လက်နက်ချခဲ့တယ်လို့တော်လှန်ရေးတပ်နဲ့ ဒေသခံအချို့ဆီကသိရပါတယ်။
ဇန်နဝါရီလ၄ရက်နေ့က စစ်ကိုင်းမြို့ရဲ့နာမည်ကြီးတပ်မ (၃၃) တပ် က ရှိမ်းမကားရွာကရဲစခန်းကိုအထိုင်ချဖို့အတွက် ဖောကား ၃စီးနဲ့ ဆားတောင်ကျေးရွာဘက်ကိုဝင်လာပြီး ရွာနန်းရွာကဒေသခံ၄ ဦးကိုဓါးစာခံအဖြစ် ဖမ်းဆီးပြီးစစ်ကြောင်းထိုးလာတာလို့သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၄ ရက်မှာ အုန်နှဲဘုတ်ကျေးရွာအတွင်းဝင်ရောက်လာပြီး ရွာပတ်လည်ကနေအိမ်၊ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေမှာတပ်စွဲခဲ့ပါတယ် ။ ဓါးစာခံ၄ဦးကိုတော့ ညပိုင်းမှာပဲပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ (ဇန်နဝါရီ ၅) မနက်၅နာရီလောက်မှာ အဲဒီကျေးရွာကို PDFတပ်ရင်းတွေအပါအဝင် အညာတော်လှန်ရေးအင်အားစုတွေ စုပေါင်းတိုက်ခဲ့တဲ့ အတွက် တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
တိုက်ပွဲက ဇန်နဝါရီ ၅ ရက် နေ့လယ် ၁နာရီဝန်းကျင်မှာ ပြီးခဲ့ပြီး တိုက်ပွဲအတွင်းကစစ်ကောင်စီတပ်ကသေဆုံးသူတွေကို နေအိမ်တွေထဲထည့်ကာမီးရှို့ပြီး အလောင်းတွေဖျောက်ခဲ့တယ်လို့ PDFတချို့ကပြောပါတယ်။
“သတင်းအရအင်အား၁၂၀လောက်ပါတယ်လို့သိရတယ်။အခုထွက်သွားနိုင်တာက ၄၀ လောက်ပဲထွက်သွားနိုင်တယ်။အလံဖြူပြပြီး အလင်းဝင်လာတာ ၁၂ယောက်လောက်ရှိမယ် “လို့ PDFတဦးကပြောပါတယ်။
အလံဖြူထောင်ပြီးအလင်းဝင်လာတဲ့သူတွေရဲ့ ပြောကြားချက်အရ ဒီစစ်တပ်ဟာ ရခိုင်ကနေ စစ်ရှုံးပြီး ပြန်လာသူတွေဖြစ်ကာ ရှိမ်းမကားကျေးရွာရဲစခန်းကို အထိုင်ချဖို့ တာဝန်နဲ့သွားရသူတွေဖြစ်တယ်လို့သိရကြောင်းလည်း ရဲဘော်ကပြန်ပြောပြပါတယ်။
စစ်ကိုင်းတပ်မ ၃၃ဟာ စစ်ကောင်စီရဲ့ အကြမ်းဆုံးတပ်မလို့သတ်မှတ်ခံထားရပြီး တပ်မမှူးတွေလက်နက်မချရသေးတဲ့ တပ်မ ၃ခုထဲမှာတခုအပါအဝင်ဖြစ်ပါတယ်။ တပ်ရင်းမှူးတွေလက်နက်မခရသေးတဲ့ ကျန် တပ်ရင်း နှစ်ခုက အင်းမမြို့အခြေစိုက် တပ်မ ၆၆ နဲ့ ပဲခူးအခြေစိုက်တပ်မ ၇၇ တိူ့ဖြစ်ပါတယ် ။
ဒါအပြင် တပ်မ ၃၃ ဟာချင်းပြည်နယ် ၊ထန်တလန်မြို့ကို မီးရှို့ခဲ့တဲ့ တပ်မဖြစ်ပါတယ် ။ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ဗန်းမော်မြို့သိမ်း ထိုးစစ်မှာ စစ်တပ်က စစ်ကူထပ်ပို့တာမှာလည်း တပ်မ (၂၂) နဲ့ တပ်မ (၃၃) ကစစ်သားတွေပါဝင်တယ်လို့ စစ်ရေးရင်းမြစ်တဦးကပြောပါတယ် ။
ဖမ်းဆီးခံထားရသူတွေထဲမှာ စစ်ကောင်စီအရာရှိတွေပါ ၊မပါကိုတော့ လူထုနွေဦးကသေချာအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ စစ်သုံ့ပန်းတွေကို စစ်ဆေးပြီးရင် သက်ဆိုင်ရာတပ်ရင်းကထုတ်ပြန်မယ်လို့သိရပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ခဲ့သလို မတ္တရာမြို့ကနေ ဟောင်ဝစ်ဆာနဲ့ပစ်ကူတွေလည်းပြုလုပ်ခဲ့ပါတယ်။
ဒါအပြင် ဝက်လက်မြို့နယ်ထဲကအခြားတနေရာမှာလည်းရွှေဘိုဘက်ကလာတဲ့စစ်ကြောင်းနဲ့ ဒီနေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတခုလုံးသေဆုံးကြောင်း သတင်းရထားပေမယ့် အသေးစိပ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။