ဧရာဝတီတိုင်း ၊ရေကြည်မြို့နယ်၊ အမှတ် ၃၄၄ အမြောက်တပ် -(အမတ-၃၄၄)မှ တပ်မိသားစုဝင်များကို စစ်ကောင်စီကပုသိမ်မြို့သို့ရွှေ့ပြောင်းနေပြီး ဒေသခံများအား နေရပ်မှထွက်ခွာမသွားရန်၊ ဗုံးခိုကျင်းမတူးရန် နှင့် မလိုက်နာပါက နေအိမ်အားချိတ်ပိတ်မည်ဟု တိုင်းမှူးအမိန့်ဟုဆိုကာ အုပ်ချုပ်ရေးမှူးများကခြိမ်းခြောက်နေသည်။
“တိုင်းမှူးအမိန့်ဆိုပြီး လာတာ။ တပ်မိသားစုဝင်တွေကိုတော့ ပုသိမ်ကို ပို့နေပြီး ဒေသခံတွေကို လူသားတံတိုင်းလို ပုံဖော်ပို့ကြိုးစားနေတာ။ ခြံတွေထဲလည်း ကတုပ်ကျင်းမတူးဖို့ ခြိမ်းခြောက်တယ်” ဟု ရေကြည်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
အမတ(၃၄၄)သည် မြောက်စမ်းရွာ၌ ရှိပြီး ယင်းနေရာပတ်ဝန်းကျင်မှ တောင်စမ်း၊ ကျောက်ချောင်း၊ ကွင်းချောင်း၊ ဖန်ခါးပြင်ရွာအပါအဝင် ရခိုင်ရိုးမနှင့် ဆက်စပ်နေသော ရွာပေါင်း ၂၀နီးပါးကို စစ်ကောင်စီဘက်မှ ခြိမ်းခြောက်နေခြင်းဟု သတင်းရရှိသည်။
“PDF တွေက စစ်ရေးသတိရှိဖို့ လိုင်းပေါ်ကနေ ကြေညာတယ်။ ဗုံးကိုကျင်းတူးဖို့သတိပေးတယ်။ စစ်တပ်က လိုက်တားနေတယ်။ စစ်ရေးအခြေအနေဘာဖြစ်လာမယ်ဆိုတာမသိပေမယ့် ကြိုတင်ကာကွယ်ဖို့ကို စစ်တပ်က ဟန့်တားနေတယ်” ဟု ငါးသိုင်းချောင်းမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
စစ်ကောင်စီသည်ရေကြည်မြို့အပြင် ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံ့ခင်း၊ ဟင်္သာတမြို့နယ်တို့တွင်လည်း ဒေသခံများအား နေအိမ်ခြံဝင်းများအတွင်း ဗုံးခိုခြင်းမတူးရန် တားမြစ်နေကြောင်း သတင်းရရှိသည်။
ဂွမြို့ရှိစခန်းများကို လက်လွှတ်ရပြီးနောက် စစ်ကောင်စီကဧရာဝတီတိုင်းဘက်ရှိရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ ရွှေ သောင်ယံမြို့နယ်တို့မှ ရခိုင်ရိုးမနှင့်ထိဆက်သည့်ကျေးရွာများတွင် ခံစစ်ပြင်ရေးကြိုးစားနေသည်။
အမတ(၃၄၄) ဝင်း၌လည်း လေယာဉ်ကွင်းအရေးပေါ် ဆောက်လုပ်နေသည်။ ထို့အပြင် ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာ၌လည်း လေယာဉ်ကွင်းတစ်ခု ဆောက်လုပ်ရန်စစ်ကောင်စီက ပြင်ဆင်နေကြောင်းသတင်းရရှိသည်။
ဧရာဝတီတိုင်းဘက်သို့ထွက်ပြေးတိမ်းရှောင်လာသည့် ရခိုင်စစ်ဘေးရှောင်များကိုလည်း စစ်ကောင်စီက နေရပ်သို့ပြန်ရန် နှင် လွတ်နေပြီး ဖမ်းဆီးထိန်းသိမ်းမှုများလည်းရှိနေသည်။ မြောက်စမ်းရွာသို့ထွက်ပြေးလာသော ရခိုင်စစ်ဘေးရှောင်များအနက် ၁၆ဦးကို ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းက စစ်ကောင်စီကဖမ်းဆီးခဲ့သည်။
ထို့အပြင် ဂွမြို့ကို အာရက္ခတပ်တော်(AA)က ဒီဇင်ဘာလ၂၉ရက်နေ့တွင် သိမ်းယူလိုက်ပြီး ထွက်ပြေးနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရခိုင်နှင့်ဧရာဝတီနယ်စပ်တွင် AA ကလိုက်လံတိုက်ခိုက်နေသလို စစ်ကောင်စီကလည်း ၎င်းတို့အချင်းချင်း တားဆီးတိုက်ခိုက်နေသည်။
တိုက်ပွဲမှထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဘက်သို့ ဝင်ရောက်လာစဉ် ရွှေ သောင်ယံမြို့နယ်အတွင်းစစ်ကောင်စီက တားဆီးခဲ့ပြီးအပြန်အလှန် ပစ်ခတ်ဖမ်းဆီးမှုများရှိနေသည်ဟု ဒေသခံ နှင့် စစ်ရေးရင်းမြစ်အချို့ကပြောသည်။