ဟန်နွေ/People’s Spring
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ကျန် တပ်စခန်းအားလုံးကို ယနေ့(ဒီဇင်ဘာ ၈ရက်) နံနက်တွင် အပြီးသတ် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ နေ့လည်ပိုင်းတွင် ပြောကြားသည်။
မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းများကို ယနေ့(ဇန်နဝါရီ ၈ရက်) နံနက်တွင် KIAက သိမ်းပိုက်နိုင်ပြီဆိုသည့် လူမှုကွန်ရက် သတင်းများနှင့်ပတ်သက်ပြီး ယခုကဲ့သို့ အတည်ပြုပေးခြင်းဖြစ်သည်။
“အခုတော့ မံစီက စခန်း ၃ခုပေါ့နော် ခမရ(၃၁၉)ရယ် ၊ (၆၀၁)ရယ် အမတ(၃၅၂)ရယ် အဲဒီစခန်း ၃ခုကို ၁၁နာရီဝန်းကျင်လောက်မှာ အပြီးသတ်သိမ်းဆည်းရမိပြီလို့ ရှေ့တန်းကနေ အတည်ပြုပြောလာတာရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထို့အပြင် KIAအနေဖြင့် ဗန်းမော်မြို့ ရပ်ကွက်အချို့ကိုလည်း ဝင်ရောက်နေရာယူထားနိုင်ပြီး စစ်ကောင်စီ တပ်ရင်းဌာနချုပ်များကိုလည်း စောင့်ကြည့်နေဆဲဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်ကောင်စီဘက်က ဗန်းမော်မြို့ကို လက်မလွှတ်ရရေးအတွက် ဒရုန်း၊ သံချပ်ကာ၊ လေကြောင်း အသုံးပြု အပြင်းအထန် ခုခံကာကွယ်နေဆဲဖြစ်ဟု ကချင်စစ်ရေး၊နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။
ထိုသို့ ခုခံနေသော်လည်း KIA မဟာမိတ်တပ်များက စစ်ကောင်စီကို ချေမှုန်းနိုင်ရေး ထိုးစစ်ဆင်နေ၍ ဗန်းမော်မြို့သိမ်းတိုက်ပွဲ အဖြေ ယခုလအတွင်း ထွက်လာနိုင်မည်ဟု ၎င်းက ပြောသည်။
“ဗန်းမော်နဲ့ မံစီကို KIAဘက်က အပြီးသတ် သိမ်းပိုက်သွားနိုင်ခဲ့ရင်တော့ အဲဒီနောက်ပိုင်း မှာတော့ စစ်ကောင်စီ အတွက်တော့ မြစ်ကြီးနားအထက်ပိုင်း စစ်ကူပို့မယ်ဆိုရင် လေကြောင်း တလမ်းပဲ ကျန်တော့မှာ ဖြစ်တယ်”ဟု ဦးဇော်ဆန်က ပြောသည်။
မြေပြင်အခြေအနေမှာ ကချင်ပြည်နယ်ဘက်၌ တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်ပြီး စစ်ကောင်စီဘက်ကလည်း စစ်ရှုံးလေ အရပ်သား ပြည်သူများရှိရာ လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်၍ ပြည်သူများ သတိပြု နေထိုင်ရန်လိုအပ်ကြောင်း ဦးဇော်ဆန်က တိုက်တွန်းထားပြီး စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများကိုလည်း မှတ်တမ်းတင်ထားရန် နှိုးဆော်ထားသည်။