ကဖေး/People’s Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ခွင့်ပြုချက်မရှိဘဲ တော်လှန်ရေးအင်အားစုများက ဖွင့်ထားသည့် အခွန်ကောက်ဂိတ် ၂၀ကျော်အထိရှိနေပြီး အဆိုပါဂိတ်များပိတ်သိမ်းရေး စိန်ခေါ်မှုကြီးမားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။
” ယင်းမာပင်ခရိုင်ထဲမှာဆိုရင် ကနီက အဆိုးဆုံးအခြေ အနေရင်ဆိုင်နေရပါတယ်။ တရားဝင်ဂိတ်က ၅ခု ၆ခုပဲရှိပြီး တရားမဝင်ဂိတ်က ၂၀ ကျော်အထိ ရှိနေတယ်။ ဒါတွေက ဒေသခံတွေကို ဝန်ထုပ်ဝန်ပိုးကြီးမားစေပါတယ်”ဟု ကနီမြို့မှ ဒေသခံတစ်ဦးက ပြောသည်။
ကနီမြို့နယ်တွင် တရားဝင်ဖွင့်ခွင့်ပြုထားသည့်ဂိတ်အနေဖြင့် ချင်းတွင်းမြစ်ကြောင်း၌ တစ်ဂိတ်၊ မုံရွာ-ယာကြီး -ကလေးလမ်းအပါအဝင် မြို့နယ်အတွင်း၌ လေးဂိတ်သာ ရှိနေသည်။ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများသည် ရန်ပုံငွေလိုအပ်ချက်ကြောင့် ဂိတ်များဖွင့်ရာမှ ယခုကဲ့သို့ တရားမဝင်ဂိတ်များ ပေါများနေခြင်းဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
” ပကဖတွေဖွင့်ထားတာတွေ၊ လိုကယ်PDFတွေရော တပ်ရင်းတွေကပါ ဖွင့်ထားတာ။ တရားဝင်မဟုတ်တဲ့ဂိတ်တွေအားလုံးကို ပိတ်သိမ်းပစ်ဖို့လိုပါတယ်။ ဒါကို သေချာစီမံဖို့လိုတယ်”ဟု ၎င်းက ပြောသည်။
ယင်းမာပင်ခရိုင်အတွင်း ကနီ၊ပုလဲ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့တို့ပါဝင်ပြီး တရားမဝင်ဂိတ်များဖွင့်ပြီး အခွန်ဘဏ္ဏာခွဲဝေမှုပြဿနာကြီးမားနေသည်မှာ ကနီမြို့ဖြစ်ကြောင်း အဆိုပါခရိုင်အတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
အဆိုပါ ဂိတ်များကိစ္စ၌ ကနီမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဘဏ္ဍာရေးနှင့်အခွန်ဌာန၊မြို့နယ်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ တို့ပါဝင်ပတ်သက်နေပြီး ပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ အနေဖြင့် ဖြေရှင်းရန်တာဝန်ရှိသည်ဟု ဒေသခံများက ပြောသည်။
ယင်းဂိတ်များသည် အကြောင်းမျိုးစုံပြ၍ ငွေကောက်ခံပြီး ရရှိသည့်ငွေများကိုNUGအစိုးရ ဘဏ္ဍာရေးနှင့်အခွန်ဌာနသို့ အပြည့်အဝပေးသွင်းခြင်းမရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
” သူက မသွင်း ငါက မသွင်းနဲ့ ဖြစ်နေကြတာ။ ဒါတွေကို တိုက်တွန်းဆွေးနွေးခဲ့ပေမယ့်လည်း အဖြေမပေါ်ခဲ့ဘူး”ဟု ယင်းမာပင်ခရိုင်အတွင်း မြို့နယ်တခုမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါအကြောင်းအရာများနှင့်ပတ်သက်ပြီး ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံဦးအောင်မျိုးမင်းထံ မေးမြန်းရန် ဆက်သွယ်သော်လည်း မရရှိသေးပေ။
ကနီမြို့မှဒေသခံအမျိုးသမီးတစ်ဦးက “NUG အစိုးရအနေနဲ့ ဒီပြဿနာကို အုတ်ရောရောကျောက်ရောရောမဟုတ်ဘဲ အလျင်အမြန်ဖြေရှင်းဖို့လိုပါတယ်။ လူထုက တော်လှန်ရေးကိုယုံကြည်ထားပါတယ်။ တလွဲအသုံးချနေတဲ့သူတွေကို နေရာမပေးဘဲ ဖြေရှင်းဖို့လိုပါတယ်”ဟု ပြောသည်။