Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်တွင် NUG အစိုးရခွင့်ပြုချက်မရှိဘဲ ဖွင့်ထားသည့် တရားမဝင်ဂိတ် ၂၀ ကျော်ရှိ‌နေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ခွင့်ပြုချက်မရှိဘဲ တော်လှန်ရေးအင်အားစုများက ဖွင့်ထားသည့် အခွန်ကောက်ဂိတ် ၂၀ကျော်အထိရှိနေပြီး အဆိုပါဂိတ်များပိတ်သိမ်းရေး စိန်ခေါ်မှုကြီးမားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။

အညာဒေသတနေရာတွင် တွေ့ရသော PDFစစ်ဆေးရေးဂိတ်တစ်ခု။ ဓာတ်ပုံ - CJ

ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ခွင့်ပြုချက်မရှိဘဲ တော်လှန်ရေးအင်အားစုများက ဖွင့်ထားသည့် အခွန်ကောက်ဂိတ် ၂၀ကျော်အထိရှိနေပြီး အဆိုပါဂိတ်များပိတ်သိမ်းရေး စိန်ခေါ်မှုကြီးမားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။

ယင်းမာပင်ခရိုင်ထဲမှာဆိုရင် ကနီက အဆိုးဆုံးအခြေ အနေရင်ဆိုင်နေရပါတယ်။ တရားဝင်ဂိတ်က ၅ခု ၆ခုပဲရှိပြီး တရားမဝင်ဂိတ်က ၂၀ ကျော်အထိ ရှိနေတယ်။ ဒါတွေက ဒေသခံတွေကို ဝန်ထုပ်ဝန်ပိုးကြီးမားစေပါတယ်” ဟု ကနီမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ကနီမြို့နယ်တွင် တရားဝင်ဖွင့်ခွင့်ပြုထားသည့်ဂိတ်အနေဖြင့် ချင်းတွင်းမြစ်ကြောင်း၌ တစ်ဂိတ်၊ မုံရွာ-ယာကြီး -ကလေးလမ်းအပါအဝင် မြို့နယ်အတွင်း၌ လေးဂိတ်သာ ရှိနေသည်။ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများသည် ရန်ပုံငွေလိုအပ်ချက်ကြောင့် ဂိတ်များဖွင့်ရာမှ ယခုကဲ့သို့ တရားမဝင်ဂိတ်များ ပေါများနေခြင်းဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” ပကဖတွေဖွင့်ထားတာတွေ၊ လိုကယ်PDFတွေရော တပ်ရင်းတွေကပါ ဖွင့်ထားတာ။ တရားဝင်မဟုတ်တဲ့ဂိတ်တွေအားလုံးကို ပိတ်သိမ်းပစ်ဖို့လိုပါတယ်။ ဒါကို သေချာစီမံဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

ယင်းမာပင်ခရိုင်အတွင်း ကနီ၊ပုလဲ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့တို့ပါဝင်ပြီး တရားမဝင်ဂိတ်များဖွင့်ပြီး အခွန်ဘဏ္ဏာခွဲဝေမှုပြဿနာကြီးမားနေသည်မှာ ကနီမြို့ဖြစ်ကြောင်း အဆိုပါခရိုင်အတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

အဆိုပါ ဂိတ်များကိစ္စ၌ ကနီမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဘဏ္ဍာရေးနှင့်အခွန်ဌာန၊မြို့နယ်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ တို့ပါဝင်ပတ်သက်နေပြီး ပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ အနေဖြင့် ဖြေရှင်းရန်တာဝန်ရှိသည်ဟု ဒေသခံများက ပြောသည်။

ယင်းဂိတ်များသည် အကြောင်းမျိုးစုံပြ၍ ငွေကောက်ခံပြီး ရရှိသည့်ငွေများကိုNUGအစိုးရ ဘဏ္ဍာရေးနှင့်အခွန်ဌာနသို့ အပြည့်အဝပေးသွင်းခြင်းမရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

” သူက မသွင်း ငါက မသွင်းနဲ့ ဖြစ်နေကြတာ။ ဒါတွေကို တိုက်တွန်းဆွေးနွေးခဲ့ပေမယ့်လည်း အဖြေမပေါ်ခဲ့ဘူး” ဟု ယင်းမာပင်ခရိုင်အတွင်း မြို့နယ်တခုမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါအကြောင်းအရာများနှင့်ပတ်သက်ပြီး ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံဦးအောင်မျိုးမင်းထံ မေးမြန်းရန် ဆက်သွယ်သော်လည်း မရရှိသေးပေ။

ကနီမြို့မှဒေသခံအမျိုးသမီးတစ်ဦးက “ NUG အစိုးရအနေနဲ့ ဒီပြဿနာကို အုတ်ရောရောကျောက်ရောရောမဟုတ်ဘဲ အလျင်အမြန်ဖြေရှင်းဖို့လိုပါတယ်။ လူထုက တော်လှန်ရေးကိုယုံကြည်ထားပါတယ်။ တလွဲအသုံးချနေတဲ့သူတွေကို နေရာမပေးဘဲ ဖြေရှင်းဖို့လိုပါတယ်” ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတွင်း ရွှေမျှောလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေကို ခေတ်ပျက်ကာလ နိုင်ငံရေး အရှုပ်အထွေးတွေကြားပါဝင်ပြီး ကိုယ့်ကိုကိုယ် ထိခိုက်အောင်မလုပ်ဖို့တိုက်တွန်းခဲ့တဲ့ မန္တလေးသား အဆိုတော် J Fireကို တော်လှန်ရေးအင်အားစုတွေက Boycott ပြုလုပ်ဖို့ တိုက်တွန်းနေပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ဖိနှပ်မှုတွေကြောင့် တိမ်းရှောင်လာသူအများအပြားရှိတဲ့ ထိုင်းနိုင်ငံကို ပြည်တွင်းက အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေ နယ်ချဲ့လာတာကြောင့် တော်လှန်ရေးအင်အားစုတွေက သပိတ်မှောက်ကြဖို့ တိုက်တွန်းနေကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံ ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့တာမို့ ပြည်သူတွေ သေဆုံးခဲ့ပြီး ဒေသခံတွေဟာ ကျေးရွာအတွင်း မအိပ်ရဲဘဲ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။