အိမ်သွင်/People’s Spring
ဖားကန့်မြို့နယ်၊ ဆန်ခါနှင့် မဇွပ်ယန်ရွာကို ဇန်နဝါရီလ ၁၃ရက်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွင် မပေါက်ကွဲသေးဘဲ ကျန်နေသည့် ဗုံးအချို့ ထပ်မံတွေ့ရှိနေပြီး ဒေသခံများ စိုးရိမ်နေကြသည်။
ဆန်ခါရွာမှ နေအိမ်ဝင်းတစ်ခုတွင် မပေါက်ကွဲသေးသည့် ပေါင် ၅၀၀ ဗုံးတစ်လုံးကို ဇန်နဝါရီလ ၁၄ ရက်က တွေ့ရှိပြီးနောက် ယနေ့(ဇန်နဝါရီလ ၁၅)တွင်လည်း နောက်ထပ် ဗုံးတစ်လုံးကို မဇွပ်ယန်ရွာရှိ တာဝါတိုင်အနီးတွင် ဒေသခံများကထပ်မံတွေရှိခဲ့သည်။
“ထပ် တွေ့တာက ပေါင် ၅၀၀ ဗုံးတော့မဟုတ်ဘူး။ ဆေးသမားတစ်ယောက်က ကောက်လာပြီး အဟောင်းဆိုင်မှာ လာရောင်းတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
အဆိုပါဗုံးကို အဟောင်းဆိုင်ကလက်မခံ၍ ဆေးသမားက မဇွပ်ယန်ကျေးရွာ တာဝါတိုင် အနီး ရပ်ကွက် လမ်းလမ်းဘေးတွင် ထားသွားခြင်းဖြစ်သည်။ ဗုံးရှင်းလင်းရေးအားမည်ကဲ့သို့ ဆောင်ရွက်ရမည်ကိုမသိရှိရသေးကြောင်း ဒေသခံများကပြောသည်။ ထို့အပြင် နောက်ထပ်ဗုံးများရှိနိုင်သေးသည်ဟုစိုးရိမ်မှုကြောင့် ဒေသခံများကလိုက်လံရှာဖွေနေသည်။
ဇန်နဝါရီ ၁၃ ရက်တွင်တွေ့ရှိသည့် မပေါက်ကွဲဘဲကျန်နေသော ပေါင်၅၀၀ ဗုံးသည် ဆန်ခါရွာမှ နေအိမ်ဝင်းတစ်ခုရှိ အိမ်သာကျင်းဘေး၌ စိုက်ဝင်နေခြင်းဖြစ်သည်။
” ဖော်မယ်လို့တော့ လုပ်နေကြတယ်။ ဒါပေမယ့် ကြောက်လို့ ရပ်ထားတယ်။ ဗုံးကပေါင် ၅၀၀ ဗုံးသီးလုံးကြီး။ ဒေသခံတွေအတွက်အရမ်းအန္တရာယ်ရှိတယ်ဗျ” ဟု ဆန်ခါဒေသခံတစ်ဦးကပြောသည်။
ဇန်နဝါရီလ ၁၃ရက်နေ့က ဖားကန့်မြို့နယ် ဆန်ခါနှင့်မဇွပ်ယာန်ရွာအတွင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များ ကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား ၁၃ဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။





















































