Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့သိမ်းစစ်ဆင်ရေး ဆက်လက်ဆောင်ရွက်နေဟု ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌပြော

တီးတိန်မြို့သိမ်းပိုက်နိုင်ရေး ချင်းညီနောင်၏ စစ်ရေးရည်မှန်းချက်များအတိုင်း ဆက်ချီတက်မည်ဟုဆို

ချင်းညီနောင်အဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ချင်းညီနောင်

ဟန်နွေ/People’s Spring

ချင်းညီနောင်နှင့်မဟာမိတ်များက ဆင်နွှဲလျက်ရှိနေသည့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက ပြောကြားသည်။

ချင်းပြည်နယ် ဖလမ်းနှင့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာ ၉ရက်တွင် တပြိုင်တည်း စတင်ခဲ့ရာ မင်းတပ်မြို့ကို ၂၀၂၄ ဒီဇင်ဘာ ၂၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ဖလမ်းမြို၌လည်း ခလရ(၂၆၈) တပ်ရင်းသာ ကျန်တော့ပြီး မြို့ကို ထိန်းချုပ်ထားသည်။

“ဆက်လက်ထိုးစစ်ဆင်နေသေးတဲ့ အနေအထားပါဗျ။ အပြီးသတ် သိမ်းပြီးသွားတဲ့ အခြေအနေ မရောက်သေးဘူးဗျ”ဟု ချင်းဒေသကာကွယ်ရေးတပ်(CDF) မင်းတပ်၏ စစ်ဦးစီးချုပ်လည်းဖြစ်သူ ဆလိုင်းထန်းချွန်းဖေက နှစ်လကျော်ကြာ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးနှင့်ပတ်သက်ပြီး ပြောသည်။ စစ်ရေးဆိုင်ရာ သတင်းအချက်အလက်များ အသေးစိတ်ကို လတ်တလောပြောကြားခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

တစ်ဖက်တွင်လည်း ချင်းညီနောင်နေဖြင့် ချင်းညီနောင်အဖွဲ့ဝင်များ၏ ထိန်းချုပ်နယ်မြေများရှိ မြို့များကို ဆက်လက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ချင်းညီနောင်သိမ်းပိုက်ရန် ရည်မှန်းထားသည့် မြို့များအနက် ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းတပ်ဖွဲ့ ရှိရာ တီးတိန်မြို့လည်း ပါဝင်သည်။

တစ်ဖက်တွင်လည်း ချင်းပြည်ကောင်စီနှင့် စစ်ရေး၊နိုင်ငံရေးပူးပေါင်းဆောင်ရွက်နေသည့် တီးတိန်မြို့နယ်ကောင်စီ၏ ကာကွယ်ရေးတပ်ဖွဲ့ PDF တီးတိန်ကလည်း တီးတိန်မြို့သိမ်း စစ်ဆင်ရေးကို မဟာမိတ်များနှင့်အတူဆင်နွှဲသွားမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရန် ဇန်နဝါရီ ၁၄ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီ ကင်းစင်ရေး ဆောင်ရွက်လိုသည့် ချင်းတော်လှန်ရေးတပ်များ မြို့သိမ်းတိုက်ပွဲတွင် ပါဝင်ရန်လည်း တီးတိန်မြို့နယ်ကောင်စီက တောင်းဆိုထားသည်။

သို့ရာတွင် ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းက PDAနှင့် ချင်းအမျိုးသားတပ်ဦး(CNF) တို့၏ တီးတိန်မြို့သိမ်း တိုက်ပွဲ ဖော်ဆောင်မှုကို လက်မခံကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။ ချင်းညီနောင်သည် ဇိုမီးလူမျိုးများ၏ မြို့တော်ဖြစ်သည့် တီးတိန်မြို့မှ စစ်ကောင်စီတပ်များကိုတိုက်ထုတ်ကာ လွတ်မြောက်နယ်မြေအဖြစ် ဖော်ဆောင်ရန် လုပ်ငန်းအစီအစဉ်များ ချမှတ်ထားပြီးဖြစ်ကြောင်း PDF ဇိုလဲန်းက အသိပေးပြီး CNF/CANနှင့် အပေါင်းအပါများ၏ ဆောင်ရွက်ချက်များသည် နိုင်ငံရေး လက်ဦးမှု ရယူလိုမှုသာဖြစ်သည်ဟု ဖော်ပြခဲ့သည်။ တီးတိန်မြေအား မည်သည့်အဖွဲ့မှ ပေးအပ်မည်မဟုတ်ကြောင်းနှင့် ကျူးကျော်လာပါက ချင်းညီနောင်နှင့်လက်တွဲကာ ပြတ်ပြတ်သားသား တိုက်ထုတ်မည်ဟု အသိပေးခဲ့သည်။

CNF/CNA ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)များဖြင့် စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီနှင့် CDF ၆ဖွဲ့ စုဖွဲ့ထားသည့် ချင်းညီနောင်တို့သည် ယခင်ကလည်း နယ်မြေဆိုင်ရာ စစ်ရေးလှုပ်ရှားမှုဆိုင်ရာနှင့်ပတ်သက်၍ တိုက်ပွဲဖြစ်ပွားမှု၊ ပြဿနာအချို့ ရှိခဲ့သည်။ ချင်းညီနောင်သည် ရက္ခိုင့်တပ်တော်(AA)နှင့် ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားလျက်ရှိသည့် တပ်ဖွဲ့လည်းဖြစ်သည်။

လတ်တလောချင်းညီနောင်နှင့် ချင်းပြည်ကောင်စီအကြား တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်မှု ပြုလုပ်မည့် ကိစ္စနှင့်ပတ်သက်ပြီး ပြဿနာ အသစ် ထပ်မံ ဖြစ်ပေါ်လျက်ရှိရာ ယင်းပြဿနာများ မကြီးထွားလာစေရေးအတွက် ချင်းပြည်ကောင်စီ နှင့် ချင်းညီနောင်တာဝန်ရှိသူများထံ ယနေ့ ဆက်သွယ်မေးမြန်းခဲ့ရာ ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက တစ်ဖွဲ့၏ ထိန်းချုပ်နယ်မြေကို လေးစားမှု မရှိဘဲ နိုင်ငံရေးအရ ပြည်သူစိတ်ဝင်စားအောင်လုပ်ဆောင်နေမှု ရပ်တန့်ရန်လိုအပ်သည်ဟု ပြောသည်။

“ကာကင်းတခုတောင်မသိမ်းနိုင်တဲ့ အဖွဲ့က မြိုကကို သိမ်းမယ်ဆိုပြီး ထုတ်ပြန်တာက ပြည်သူ စိတ်ဝင်စားလာအောင်နဲ့ မြို့သိမ်းဖို့ ပြင်ဆင်နေတဲ့ ချင်းညီနောင်ကို အာရုံထွေပြားအောင် စစ်ကောင်စီဘက်က နေပြီး အလုပ်လုပ်ပေးတာနဲ့ အတူတူပါပဲ။ ကျနော်တို့ ချင်းညီနောင်အနေနဲ့တော့ ကျနော်တို့ စစ်ရေး ရည်မှန်းချက်အတိုင်း ဆက်ချီတက်မှာပါ” ဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။

အလုပ်နှင့် သက်သေပြနေသည့် ချင်းညီနောင်အဖွဲ့ကို ပြည်သူများ ဆက်လက် အားပေးရပ်တည်ကြရန်လည်း ၎င်းက မေတ္တာရပ်ခံသည်။

ချင်းပြည်ကောင်စီ အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံသို့လည်း တီးတိန်မြို့သိမ်း တိုက်ပွဲဖော်ဆောင်မည့်ကိစ္စနှင့်ပတ်သက်၍ ချင်းတော်လှန်ရေးအင်အားစုအချင်းချင်း အကြား ပြဿနာများ မကြီးထွားလာစေရန် ဆောင်ရွက်သင့်သည့် ကိစ္စနှင့်ပတ်သက်၍ သဘောထား မှတ်ချက်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ချင်းပြည်ကောင်စီနှင့် ချင်းညီနောင် နှစ်ဖွဲ့စလုံးက ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်အောင်လုပ်ဆောင်မည်ဟု ကြွေးကြော်ထားသည်။ ထို့ပြင် ချင်းတော်လှန်ရေးအင်အားစုများ ပြန်လည်ပေါင်းစည်းနိုင်ရေး ညီညွတ်ရေး လိုအပ်ကြောင်းလည်း နှစ်ဖွဲ့စလုံးက ပြောကြားထားပြီး လက်တွေ့တွင် နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ အကောင်အထည်မဖော်နိုင်သေးဘဲ ပြဿနာအသစ်အချို့ထပ်မံ ရှိနေသည့် အခြေအနေဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ အကျဉ်းကျခံစေဖို့ စစ်အုပ်စုကကြေညာတာ၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးတာတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်ပြီး တော်လှန်ရေးကိုဖြိုခွဲဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်က သတိပေးပြောကြားလိုက်ပြီးအချိန်မရွေး ပြန်လည်ဖမ်းဆီးတာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

သတင်း

ချင်းညီနောင်သိမ်းပိုက်ထားတဲ့ မြို့တွေကို ကာကွယ်ဖို့၊ ကျန်နေသေးတဲ့ မြို့တွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ချင်းညီနောင် စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

တော်လှန်ရေးရဲ့ လက်ရှိ အခြေအနေဟာ စိတ်ဓာတ်ကျစရာမရှိဘဲ အောင်မြင်ဖို့အတွက် အားနည်းချက်ရှာ အားသာချက်ဖြစ်အောင်လုပ်ပြီး တော်လှန်ရေးပန်းတိုင်အတွက် ဆက်လက်ကြိုးစားကြရမယ်လို့ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

သတင်း

ချင်းညီနောင်အနေနဲ့ တီးတိန်မြို့သိမ်းစစ်ဆင်ရေးအပါအဝင် ပိုမိုကြီးမားတဲ့ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ဆောင်ရွက်နေသလို ချင်းညီနောင်ပါဝင်ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဟာလည်း တော်လှန်ရေးအောင်မြင်အောင် လုပ်ဆောင်ဖို့ ဆွေးနွေးဆောင်ရွက်လျက်ရှိတယ်လို့ ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က ပြောပါတယ်။