Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဂူဒေသကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ပြည်သူသုံးဦး သေဆုံး၊ ၁၃ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ အရပ်သားပြည်သူ သုံးဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်(DPLA)​၏ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ကျောက်ဂူဒေသတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - DPLA

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ အရပ်သားပြည်သူ သုံးဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်(DPLA)​၏ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

“လေကြောင်းတိုက်ခိုက်တာက တိုက်ပွဲဖြစ်တဲ့နေရာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်တာက တနေရာ။ လေကြောင်းတိုက်တာက တနေရာ”ဟု DPLA၏ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ဇန်နဝါရီ ၁၆ရက် နေ့လည်တွင် စစ်ကောင်စီက Y12လေယာဉ်ဖြင့် ဗုံးသီး ၃၁လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ညနေပိုင်း၌ ထပ်မံ၍ ဗုံးသီး ၂၅လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့တိုက်ခိုက်ခဲ့၍ အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား တစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကလေးတစ်ဦးအပါအဝင် ၁၃ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း DPLAက ထုတ်ပြန်သည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ ဆေးကုသပေးလျက်ရှိကြောင်း ဖော်ပြသည်။

ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်မှအရပ်သား‌ နေထိုင်ရာကျေးရွာများသို့ လက်နက်ကြီးသာမက လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်ဟုအသိပေးသည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၁၅ရက်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ရွာသား ၁ဦးဒဏ်ရာရရှိကာ နေအိမ်အဆောက်အဦး ပျက်စီးမှုများလည်းရှိကြောင်း DPLAက အသိပေးထားသည်။

ဒီဇင်ဘာအတွင်း အရပ်သား သေဆုံးမှုတစ်ဦးရှိပြီး ယခု ဇန်နဝါရီအတွင်း အရပ်သား ၃ဦးမှာစစ်ကောင်စီ လက်ချက်ကြောင့်သေဆုံးခဲ့ရသည်ဟု DPLA သတင်းပြန်ကြားရေး တာဝန်ရှိသူ ကိုခန့်နောင်က ပြောသည်။ ကျောက်ဂူဒေသ စစ်ရေး အခြေအနေမှာ ဇန်နဝါရီ ၁၆ရက်နောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုမရှိသေးဟုဆိုသည်။

” အဲဒီ ၁၅ ရက်၊ ၁၆ရက်ကတော့ အပြင်းအထန် တိုက်ပွဲဖြစ်တာတော့ရှိတယ်။ နှစ်ဖက်တပ်က ဆိုင်ထားတဲ့ အခါကျတော့ စစ်ရေး ဖြစ်ဖို့က အလားအလားများပါတယ်။ နောက်တစ်ခုက စစ်ရေး ပစ်မှတ်နဲ့နီးတဲ့နေရာတွေမှာ ပြည်သူလူထုတွေ သွားလာခြင်းမပြုဖို့ အဓိက အဲဒါပြောချင်ပါတယ်”ဟု ကိုခန့်နောင်က ပြောသည်။

ကျောက်ဂူဒေသ၌ DPLAနှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။

ဇန်နဝါရီ ၄ရက်က ကျောက်ဂူရဲစခန်းနှင့် ကျောက်ဂူအမြောက်တပ် အမတ(၃၄၉)တပ်ရင်းတို့၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တောင်ထိပ်ရွာနှင့် အင်တောမြို့ကြား၌လည်း တိုက်ပွဲရှိခဲ့သည်ဟု DPLAက ဇန်နဝါရီ ၆ရက်တွင် အသိပေးထားသည်။

၂၀၂၄ ဒီဇင်ဘာအတွင်း ကျောက်ဂူတိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ် အထိနာခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးကာ လက်နက်ခဲယမ်းများစွာကို DPLAက သိမ်းရခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများ ထုတ်ပြန်အသိပေးထားသည်။

DPLAသည် မဟာမိတ်တအာင်းတပ်မတော် (TNLA)နှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်ဆင်နွှဲခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။

စစ်ကောင်စီအနေဖြင့်လည်း စစ်ရေးအရအထိနာသည့် ဒေသများ နယ်မြေများ၊ တပ်စခန်းများ မြို့များ ဆုံရှုံးထားသည့် ဒေသများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ယခုဇန်နဝါရီအတွင်း ရက္ခိုင်၊ ကချင်၊ ရှမ်းမြောက်ဒေသများရှိ အရပ်သားများနေထိုင်ရာကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။