Connect with us

Hi, what are you looking for?

သတင်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဒီနေ့ စတင်၊ မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ်အရေး အဓိကဆွေးနွေးခဲ့ကြ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဟာ မလေးရှားနိုင်ငံ၊ လန်ကာဝီမြို့မှာ ဒီနေ့(ဇန်နဝါရီ ၁၉ရက်)မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒီနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားရဲ့ ဦးဆောင်မှုနဲ့အတူ ပထမဆုံးအကြိမ် အရေးပါတဲ့ အစည်းအဝေးဖြစ်လာပါတယ်။

အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများအစည်းအ​ဝေးကို မ​လေးရှားနိုင်ငံမှာ ဇန်နဝါရီ ၁၉ ရက်ကပြုလုပ်ပြီး အာဆီယံစတိုင်လ်မှတ်တမ်းဓါတ်ပုံရိုက်ကူးစဥ်။ ဓါတ်ပုံ-File Photo

အီယိုရီ/People’s Spring

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဟာ မလေးရှားနိုင်ငံ၊ လန်ကာဝီမြို့မှာ ဒီနေ့(ဇန်နဝါရီ ၁၉ရက်)မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒီနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားရဲ့ ဦးဆောင်မှုနဲ့အတူ ပထမဆုံးအကြိမ် အရေးပါတဲ့ အစည်းအဝေးဖြစ်လာပါတယ်။

အထက်ပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ မြန်မာ့အကျပ်အတည်းနဲ့ တောင်တရုတ်ပင်လယ်အငြင်းပွားမှုတွေကို အဓိက အာရုံစိုက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြင့်တက်ရှုပ်ထွေးလာတဲ့ ပထဝီနိုင်ငံရေးရှုပ်ထွေးမှုကြားထဲကနေ အာဆီယံအဖွဲ့ကို ဦးဆောင်မှုပေးရမယ့် အလှည့်ကျဥက္ကဋ္ဌသစ် မလေးရှားအတွက် အခုအစည်းအဝေးက အရေးပါတဲ့အခိုက်အတန့်ဖြစ်တယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကတော့ ဒေသတွင်း ပဋိပက္ခဖြေရှင်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အာဆီယံရဲ့အခန်းကဏ္ဍဟာ အဓိကပလက်ဖောင်းအဖြစ် မီးမောင်းထိုးပြကာ အဖွဲ့ဝင် ၁၀ နိုင်ငံအကြား ညီညွတ်မှုရဲ့ အရေးပါပုံကို အလေးထားပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ပြင်ဆင်ရမယ့်အရာ အများအပြားရှိနေပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားဖို့လိုတာက ဖြစ်လာမယ့်စိန်ခေါ်မှုတွေကို အာဆီယံဗဟိုပြုမှုဆီ လုပ်ဆောင်သွားကြဖို့ပါပဲ”လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ အဖွင့်အမှာစကားအဖြစ် ထည့်သွင်းပြောကြားပါတယ်။

အာဆီယံရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲမှာ တစ်ခုအဖြစ်၂၀၂၁ ဖေဖော်ဝါရီမှာစစ်အာဏာသိမ်းမှုက စတင်လိုက်တဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်က ဆက်လက်ရှိနေပါတယ်။ စစ်အာဏာသိမ်းမှုက ရွေးကောက်ခံအရပ်သားအစိုးရကို ဖယ်ရှားပြီး နိုင်ငံတဝန်းကျယ်ပြန့်တဲ့ လက်နက်စွဲကိုင်ခုခံမှုတွေ မီးထိုးပေးခဲ့ပါတယ်။ လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့များက တိုင်းပြည်ရဲ့ နေရာအများအပြားကို ထိန်းချုပ်ထားပြီး ပဋိပက္ခကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရကာ သန်းနှင့်ချီ နေရပ်စွန့်ခွာမှုဖြစ်ပေါ်ခဲ့ပါတယ်။

အာဆီယံဟာ သက်ဆိုင်သူတွေ အကြားတွေ့ဆုံဆွေးနွေးရေးနဲ့ အကြမ်းဖက်မှုများ အဆုံးသတ်ရေး အချက်တွေ ပါဝင်တဲ့ ဘုံသဘောတူညီချက် ၅ရပ်ဖြင့် စေ့စပ်ညှိနှိုင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီက အာဆီယံရဲ့ လမ်းညွှန်မှုတွေကို လိုက်နာဖို့ ငြင်းဆိုခဲ့တာကြောင့် အာဆီယံရဲ့ကြိုးပမ်းမှုတွေက ထိရောက်မှု မရှိခဲ့ပါဘူး။

နောက်ဆက်တွဲအနေနဲ့ အာဆီယံဟာ အာဏာသိမ်းစစ်ခေါင်းဆောင်များကို တရားဝင်အစည်းအဝေးတွေမှာ ဖယ်ကြဥ်ခဲ့ပါတယ်။

ဒီ ၂၀၂၅ အလှည့်ကျဥက္ကဋ္ဌ မလေးရှားဟာ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းရာမှာ ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍကို ချမှတ်ဖို့ ရည်ရွယ်ကြောင်း အသိပေးထားပါတယ်။ မကြာသေးမီကပဲ နိုင်ငံခြားရေးဝန်ကြီးဟာဆန်က မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိဟောင်း အို့သ်မန်းဟက်ဟင်းမ်ကို မြန်မာနိုင်ငံဆိုင်ရာ မလေးရှားရဲ့ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းစဥ်တွေထဲမှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဖြစ်နိုင်မယ့်လမ်းကြောင်းများရှာဖွေဖို့ အဖွဲ့ပေါင်းစုံနှင့်ထိတွေ့ဆက်ဆံခြင်းများ ပါဝင်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ၎င်းရဲ့အုပ်ချုပ်မှု တရားဝင်မှုရှိဖို့ ဒီနှစ်မှာ ရွေးကောက်ပွဲများကျင်းပမယ့်အစီအစဥ်တွေကို ကြေညာထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာ မဟုတ်ဘဲ တိုင်းပြည်ရဲ့လမ်းကြောင်းဟာ တည်ငြိမ်လာမှုထက် ပိုမိုရှုပ်ထွေးမှုဆီ ဦးတည်နေတယ်လို့ အကဲခတ်တွေက သတိပေးထားပါတယ်။

မြန်မာ့ကာလရှည်ကြာ အကျပ်အတည်းဟာလူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုများ၊ မူးယစ်မှောင်ခိုမှုများအပါအဝင် နယ်စပ်တလျှောက်ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုများကို ပိုမိုဆိုးရွားစေကာ ဒေသတွင်း မတည်ငြိမ်မှုကိုလည်း ဖြစ်ပေါ်စေပါတယ်။

ဒါ့ကြောင့် မလေးရှားဟာ ဒေသတွင်းစီးပွားရေးနဲ့ သံတမန်ရေးရည်မှန်းချက်များနှင့်အတူ လုံခြုံရေးအတွက် ဟန်ချက်ညီထိန်းကျောင်းရင်း မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်အငြင်းပွားမှုများအပါအဝင် ရှုပ်ထွေးတဲ့ ကိစ္စရပ်များကို ထိန်းကျောင်းကိုင်တွယ်ခြင်းဖြင့် အာဆီယံမှာ မလေးရှားရဲ့ဦးဆောင်မှုကို အနီးကပ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကိုးကား – Newslooks

ဆက်စပ်သတင်းများ

အတွေးအမြင်

လားရှိုးကိစ္စဟာ မြန်မာ့ ပြည်တွင်းစစ်မှာ တရုတ်ကခိုးကြောင်ခိုးဝှက်မဟုတ်ဘဲ ပေါ်ပေါ်ထင်ထင် ကြားဝင်စွက်ဖက်ခဲ့တဲ့၊ ပြီးတော့ သက်ရောက်မှု ကြီးမားတဲ့ အရွေတစ်ခုဖြစ်ပါတယ်။

သတင်း

မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေမှုများ ရပ်တန့်ရေး အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူလုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာတို့ဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကိစ္စ၊ ခရစ္စတို ဒစ်ဂျစ်တယ် ငွေကြေး ထွန်းကားရေး ကိစ္စတွေကို တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သတင်း

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိတွေ့ လုပ်ဆောင်မှုတိုင်းမှာ သတိကြီးကြီးထား ကိုင်တွယ်ခြင်းဆိုတာဟာအရမ်းအရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ် ဒါတုခ်ဆာရီ အန်ဝါ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။

Facebook