သားကြီး/People’s Spring
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီးချိုင့်မြို့နယ်၊ တုံလုံရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရှိခဲ့ကြောင်းဒေသခံအချို့ကပြောသည်။
တုံလုံရွာကို ဇန်နဝါရီလ၂၀ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှတိုက်ခိုက်ခြင်းဖြစ်သည်ဟု ထီးချိုင့်မြို့မှစစ်ဘေးရှောင်လာသူတဦးကပြောသည်။
“အခြေအနေတွေက ငြိမ်သက်နေတာပါ။ တိုက်ပွဲရော စစ်ရေးလှုပ်ရှားမှုရောဘာမှမရှိပါဘူး။ တုံလုံရွာထဲက အိမ်တည့်တည့်ကို ဗုံးကြဲတာပါ” ဟု အဆိုပါ စစ်ရှောင်ကပြောသည်။

Public Service Announcement
ထီးချိုင့်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ ခုနှစ်မှစ၍ တိုက်ခိုက်ခဲ့ပြီး အပြီးသတ်သိမ်းယူနိုင်ခြင်းမရှိသေးပေ။သို့သော် တရုတ်အစိုးရရင်းနှီးမြုပ်နှံထားသည့် တကောင်းနီကယ်စက်ရုံရှိသော ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာကို ကာကွယ်ရေးတပ်များက သိမ်းယူခဲ့ပြီး မောင်းကုန်းကျေးရွာသည် စစ်ကောင်စီကင်းစင်နယ် မြေဖြစ်ပြီဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ဩဂုတ်လ ၂ ရက်တွင်ထုတ်ပြန် ကြေညာခဲ့သည်။
စစ်ကောင်စီက၂၀၂၄ခုနှစ် ၊စက်တင်ဘာလ ၁ ရက်တွင် မောင်ကုန်းကျေးရွာအားလေကြောင်းမှတိုက်ခိုက်ရာ ဒေသခံအရပ်သား ကိုးဦးသေဆုံးခဲ့သည်။
စစ်ကောင်စီသည် ဇန်နဝါရီ ၂၀ ရက်နေ့ညကလည်း စစ်ကိုင်းတိုင်း၊ ခါမ်းပါတ်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှု၌ ထိခိုက်သေဆုံးသူ မရှိခဲ့ပေ။
