ကဖေး/People’s Spring
တမူးခရိုင်၊ ခါမ်းပါတ်မြို့ပတ်ဝန်းကျင်ကို ယနေ့ (ဇန်နဝါရီလ၂၂ရက်) နံနက် ၁၀ နာရီ ၅ မိနစ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးထပ်ကြဲတိုက်ခိုက်သွားသည်။
“ဗုံးနှစ်လုံးကြဲပြန်ပြီဗျ။ခါမ်းပါတ်ကို ဘာကြောင့် ပစ်မှတ်ထားနေတာလဲမသိဘူး။ မြေပြင်က ဘာမှထူးနေတာမဟုတ်ဘဲနဲ့ဗျာ” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီဂျက်ဖိုက်တာသည် မော်လိုက်မြို့ကို ဖြတ်ပြီး ခါမ်းပါတ်ကို ဗုံးကြဲခြင်းဟု သတင်းရရှိသည်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၁၆ ရက်ညမှ စတင်၍ ရက်သတ္တပတ်တစ်ပတ်အတွင်း လေကြောင်းမှ ငါးကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်။
ဇန်နဝါရီလ၁၆ရက်၊ဇန်နဝါရီလ၁၈ရက်၊ ဇန်နဝါရီလ၂၀ရက်၊ ဇန်နဝါရီလ၂၁ရက်နှင့် ဇန်နဝါရီလ ၂၂ရက်နံနက်တွင် တိုက်ခိုက်ခြင်းဖြစ်သည်။ အဆိုပါ ငါးကြိမ်တွင် ပေါင်၅၀၀ ဗုံးအပါအဝင် အင်အားပြင်းဗုံး ဆယ်လုံးထက်မနည်း ကြဲချခဲ့ကြောင်း ဒေသခံများကပြောသည်။
ဇန်နဝါရီလ၁၆ရက်ညကဗုံးကြဲတိုက်ခိုက်မှုတွင် အသက် ၃နှစ်အရွယ်ကလေးတစ်ဦးအပါအဝင်အရပ်သားနှစ်ဦး သေဆုံးပြီးခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။ ဇန်နဝါရီလ ၁၈ရက်က တိုက်ခိုက်မှု၌ အသက်၄ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး နေအိမ် ၂၀လုံး ပျက်စီးခဲ့သည်ဟု တမူးမြို့ ကြားကာလနိုင်ငံရေးဦးဆောင်ကော်မတီက ယနေ့နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ၂၀ရက်ညနှင့် ဇန်နဝါရီလ၂၁ရက်ညတိုက်ခိုက်မှု၌ ထိခိုက်မှုမရှိခဲ့ဘဲ ဇန်နဝါရီ ၂၂ ရက်တိုက်ခိုက်မှုကြောင့်ထိခိုက်မှုရှိ ၊ မရှိကိုမူမသိရသေးပေ။
ခါမ်းပါတ်မြို့ကိုစစ်ကောင်စီကပစ်မှတ်ထား ဗုံးကြဲနေ၍ ဒေသခံများ စိုးရိမ်နေကြပြီး နယ်စပ်ဖြစ်သော အိန္ဒိယနိုင်ငံဘက်သို့ တိမ်းရှောင်မှုများ ရှိနေသည်။
စစ်ကောင်စီသည် ကလေးနှင့် တမူးမြို့နယ်ကြားရှိ စော်ဘွားရေရှင်ကျေးရွာအနီးကိုလည်း ဇန်နဝါရီလ ၁၈ရက် နံနက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံသုံးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။လေကြောင်းပျံသန်းမှုသတိပေးချက်များကို ဖြန့်ဝေသတိပေးကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများကသတိပေးနေကြသည်။


















































