ဟန်နွေ၊ကဖေး/People’s Spring
ဗန်းမော်မြို့တိုက်ပွဲ၌ အလွန်အထိနာနေသည့် စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ယနေ့ နေ့လည်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသသတင်းရင်းမြစ်များက ပြောသည်။
ယနေ့(ဇန်နဝါရီ ၂၄ရက်) နေ့လည် ၁နာရီ ၂၀ မိနစ်နှင့် ၂နာရီ ၂၄ မိနစ်တွင် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီက အသေခံ ဒရုန်း နှစ်စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
“လူထိခိုက်မှုမရှိ။ ဗန်းမော်ဘက် အထိနာနေလို့ ဖြစ်မယ်”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
” ၁နာရီခြား တခါလောက်လာပစ်တာ ဟုတ်တယ်။ မြို့ပေါ်က ဟိုတယ်ကိုတည့်တည့် ထိတယ်။ အထိခိုက်တွေတော့ ကျွန်မတို့မသိဘူးရှင့်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
လိုင်ဇာမြို့သည် တရုတ်နိုင်ငံနှင့်နယ်စပ်မြို့ဖြစ်ပြီး ယခင်ကလည်း စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ဖူးသည်။ ယနေ့တိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရှိရသေးပေ။
ကချင်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း “တခြားလူထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ သိရပါတယ်။ တောင်ပေါ်လမ်းနဲ့ ဟိုတယ်တစ်လုံးပေါ် ကျတာ ။ အခြားထိခိုက်ပျက်စီးမှု ကြီးကြီးမားမား ဘာမှ မကြားမိပါဘူး။ Kamikaze Drone အသေခံဒရုန်းလို့ ယူဆရပါတယ်။ သေချာတော့ မသိသေးပါဘူး”ဟု ပြောသည်။
ထိုသို့ တိုက်ခိုက်လာခြင်းမှာ ယနေ့နံနက်တွင် KIAက ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်များကို ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်လာခြင်းအပေါ် စစ်ကောင်စီဘက်က တုံ့ပြန်ခြင်းဖြစ်နိုင်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။
“ဗန်းမော်မှာ ကျန်နေတဲ့စစ်ကောင်စီရဲ့ စကခ(၂၁)နဲ့ ခလရ(၄၇)အနီးတဝိုက်ကို KIA ဘက်ကနေ ထပ်လောင်းပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်မှုမှာ ကြည့်ရတာ စစ်ကောင်စီဘက်က တော်တော်အထိနာမှု တော်တော်များနေတယ်လို့ ယူဆရတယ်။ အဲဒါကြောင့်မို့လည်း ဒီဘက် ဌာနချုပ်ရှိရာ လိုင်ဇာအနီးတဝိုက်ကို အသေခံဒရုန်းနဲ့ စစ်ကောင်စီကနေပြီးတော့ ပြန်လည်တုံ့ပြန်တိုက်ခိုက်လာတယ်လို့ ရှုမြင်ပါတယ်။”ဟု ဦးဇော်ဆန်က ပြောသည်။
KIA ပူးပေါင်းတပ်က ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်၍ မြို့ သိမ်းစစ်ဆင်ရေး ဆင်နွှဲနေသည့် ဗန်းမော်မြို့ကို တိုက်ပွဲရက်ပေါင်း ၅၀ ခန့်အကြာ ယနေ့ (ဇန်နဝါရီ ၂၄ရက်)နံနက်တွင် ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ၏ သံချပ်ကာ တပ်ရင်းကို သံချပ်ကာယာဉ် ၄စီးနှင့်အတူ သိမ်းပိုက်ရရှိထားသည်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပြသည်။
“စကခ-၂၁ ၊ ၄၇၊၂၃၆၊ ၂၃၇၊၇၀၀၆ သံချပ်ကာ၊ ၃၆၆-အမတ တို့တွင် ပြင်းထန်နေတယ်။ ၇၀၀၆-သံချပ်ကာ တော့ရပြီ”ဟု ကချင် စစ်ရေးသတင်းရင်းမြစ်က ယနေ့ ဗန်းမော်တိုက်ပွဲ အခြေအနေကို ပြောပြသည်။
KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ဗန်းမော်မြို့ကို ထပ်မံ၍ ထိုးစစ်အရှိန်မြှင့်တင်နေမှု၊ တိုက်ပွဲပြင်းထန်နေမှုတို့ကို အတည်ပြုသည်။ သံချပ်ကာယာဉ် ၄စီးကို သိမ်းပိုက်ရရှိထားသည့် သတင်းရရှိသော်လည်း အတိအကျ အတည်မပြုနိုင်သေးဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ နေ့လည်တွင် ပြောကြားထားသည်။
ဗန်းမော်မြို့တိုက်ပွဲ၌ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)စကခမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်နှင့် စစ်ကောင်စီအရာရှိ ၁၅ဦးထက်မနည်း ဒဏ်ရာအပြင်းထန်ရရှိထားကြောင်းလည်း သတင်းရရှိသည်။ ဒဏ်ရာရသူများကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့်လာရောက်သယ်ဆောင်သွားကြောင်း ကချင်စစ် ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
