Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့အား သိမ်းပိုက်ထားပြီဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ပြော

နောက်ဆုံးလက်ကျန် မြို့အစွန်ရှိ ဂျပန်လှိုင်ဂူကုန်းအား စတင်ထိုးစစ်ဆင်တိုက်ခိုက်နေဟု အသိပေး

ဓာတ်ပုံ - CJ

ဒီးဒီ၊သတိုး/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အား သိမ်းပိုက်ထားပြီဖြစ်ပြီး မြို့အစွန်ရှိစစ်ကောင်စီတပ်စွဲထားသော ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ ကျန်နေရာ အဆိုပါနေရာအား သိမ်းပိုက်ရန် ယမန်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဩဇာက People’s Springသို့ ပြောကြားသည်။

အင်းတော်မြို့ရှိ စစ်ကောင်စီ၏ ရဲစခန်း၊မြို့နယ်ထွေအုပ်ရုံးနှင့် ဌာနဆိုင်ရာရုံးအားလုံးအပါအဝင် မြို့အားထိန်းချုပ်သိမ်းပိုက်ထားရာ မြို့အစွန်ရှိ စစ်ကောင်စီ၏ နောက်ဆုံးတပ်စွဲထားရာ ဒေသအခေါ် ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ ကျန်ရှိနေသည်ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ရဲဘော်ဩဇာက ပြောသည်။

ထို့ကြောင့် အဆိုပါစခန်းကုန်းအား ယမန်နေ့ (ဇန်နဝါရီ ၂၇ရက်)ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်မီးရှို့ဖျက်ဆီးထားသာ အင်း​တော်မြို့မှ​နေအိမ်များကို တွေ့ရစဉ်။(ဓာတ်ပုံ – CJ)

” အင်းတော်တိုက်ပွဲအခြေအနေကတော့ မနေ့ကစပြီးတော့ တိုက်ပွဲတွေပြန်ဖြစ်လာတယ်ပေါ့။ အရင်ကလည်း ကြိုကြားပစ်ခတ်တိုက်ခိုက်မှုတွေကတော့ ရှိနေတာပါ။ ၂၀၂၄ ဒီဇင်ဘာထဲမှာတည်းကစခဲ့ကြတာ။ ဒီဇင်ဘာလထဲမှာ နဘားလမ်းဆုံတို့ ကျွန်တော်တို့ ရရှိခဲ့ပြီးဖြစ်ပါတယ်။ အင်းတော်မြို့ကိုလည်း ကျွန်တော်တို့သိမ်းပိုက်ရရှိပြီး ဖြစ်ပါတယ်။နောက်တစ်ခါ အနီးမှာရှိတဲ့ နဘားလမ်းဆုံတို့ နံ့သာတို့ ဒါတွေလည်း ၂၀၂၄ မှာကတည်းက သိမ်းပိုက်ရရှိပြီးဖြစ်ပါတယ်။ ကျန်နေတာကတော့ အများခေါ်နေတဲ့ ဂျပန်လှိုင်ဂူဆိုတဲ့ ကုန်ပေါ့။ အဲဒီကုန်းတစ်ခုပဲ ကျန်နေတာ။ ဒါကတော့ စောစောကပြောတဲ့ မနေ့ကစပြီးတော့ တိုက်ပွဲအရှိန်ပိုပြီးတော့ မြင့်လာတယ်ပေါ့”ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ရဲဘော်ဩဇာက ပြောသည်။

အင်းတော်တစ်မြို့လုံးအနက် ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ သိမ်းရန်ကျန်နေဟု ၎င်းက ဆက်ပြောသည်။

” သူ့ရဲ့ပတ်ပတ်လည်နားက ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိမယ်။ ကုန်းနှစ်ခုရှိမယ်။ နောက်တစ်ခါ သူတို့ ပြောက်ကျားနေရာယူထားတဲ့ အိမ်တန်းလေးတစ်ခုရှိမယ်။ ဆင်ခြေလျောဘက်မှာ ။ အဲဒီလောက်ပဲကျန်တယ်။ ကျန်တာအကုန်လုံးက ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့က အမှတ်(၁)စစ်ဒေသမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့များက ထိန်းချုပ်ထားပြီဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံက ပြောသည်။

အဆိုပါ ဂျပန်လှိုင်ဂူကုန်း၌ ကျန်ရှိ စစ်ကောင်စီတပ်သားအင်အားမှာ ခန့်မှန်းရန် ခက်ခဲကြောင်း သို့သော် စစ်ကောင်စီအနေဖြင့် ထပ်မံ၍ အင်းအားပို့ဆောင်နိုင်ခြင်း မရှိတော့ကြောင်းလည်း ၎င်းက ဆိုသည်။

” ကျွန်တော်တို့က အားလုံးထိန်းချုပ်ထားပြီ။ လေကြောင်းကနေ လက်နက်ရိက္ခာတော့ပေးပို့မှုရှိပါတယ်။ ရတစ်ဝက်၊ မရတစ်ဝက်ပေါ့။ အဲဒီလိုအနေအထားတော့ရှိပါတယ်”ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံက ပြောသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ​၊ စစ်ကိုင်းတိုင်း ပကဖများ ၊ကျောင်းသားတပ် ABSDF အပါအဝင် ​တော်လှန်​​ရေးတပ်ဖွဲ့များ ပူး​ပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။​​

” အင်းတော်ကိုတိုက်နေတာက PDFတပ်ရင်းများ၊ ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့များ၊ ABSDF တပ်ဖွဲ့များနဲ့ KIAတပ်ဖွဲ့ဝင်တချို့ ကွပ်ကဲမှုအနေနဲ့ ပါဝင်ပါတယ်။ ကသာခရိုင်ကွပ်ကဲရေးမှူးက ABSDFက တပ်မှူးကြီးတစ်ဦးဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံက ပြောသည်။

အင်းတော်မြို့သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မျဉ်းအနီး၊ ရွှေဘို – မြစ်ကြီးနားလမ်းပေါ်တွင်တည်ရှိပြီး ကချင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် အဓိက ဝင်ပေါက်မြို့ဖြစ်သည်။

အင်းတော်မြို့မြောက်ဘက် မိုင် (၅၀)ကျော်အကွာတွင်ရှိသည့် မော်လူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်တွင် သိမ်းပိုက်ထားပြီးဖြစ်သည်။

အင်းတော်မြို့မရဲစခန်းအား တော်လှန်ရေးတပ်များသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။(ဓာတ်ပုံ – CJ)

ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်လလယ်တွင် ​တော်လှန်​ရေးတပ်များက အင်း​တော် ၊ပင်လည်ဘူး နှင့်ထီးချိုင့်မြို့တို့ကို တပြိုင်နက်မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့သည်။

သို့​သော် အင်းတောမ်မြို့ကိုမူ မသိမ်းနိုင်​​သေးဘဲ တိုက်ပွဲ ​ခေတ္တရပ်နားပြီး​နောက် ၂၀၂၄ နိုဝင်ဘာ ၁ ရက်တွင် အင်းတော်မြို့သိမ်းတိုက်ပွဲကို PDFများ ဦး​ဆောင်သည့် ​တော်လှန်​ရေးတပ်များက ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပင်လည်ဘူးမြို့ကို​ ၂၀၂၄ အောက်တိုဘာ ၈ရက်တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

ပထမတစ်ကြိမ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဩဂုတ် ၁၆ရက်က စတင်ခဲ့ပြီး အင်းတော်မြို့နှင့် (၄)မိုင်ကွာဝေးသော နဘားလမ်းဆုံ စစ်ကောင်စီစခန်း၊ နဘားကျေးရွာအတွင်း ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းနှင့် အင်းတော်မြို့မရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းယူနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ၊ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင်ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦး​ဆောင်​သော ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးက ​ဖေ​ဖော်ဝါရီ ၁၁ ရက်ညတွင် ဖော်ပြထားပြီး စစ်သုံ့ပမ်းအချို့ ဖမ်းမိခဲ့ကြောင်း အသိပေးသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဖေဖော်ဝါရီ ၁၀ ရက်တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဖမ်းမိထားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကမြိုသိမ်းတိုက်ပွဲဆင်နွှဲနေသည့်ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅၀၁၄) တင့်ကားတပ်ရင်းကို KIAကထပ်မံသိမ်းပိုက်ပြီဖြစ်ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ယခုနှစ်ဆန်းကစပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ထံဆက်သွယ်၍ စစ်ကောင်စီ၏အမှတ်(၂၅) ခြေလျင်တပ်ရင်း(ခလရ-၂၅) မှ စစ်မှုထမ်းဥပ​ဒေဖြင့်​ခေါ်ယူစု​ဆောင်းခံရ​သော စစ်သားသစ်ငါးဦး ပြည်သူ့ရင်ခွင်ခိုလှုံကာအလင်းဝင်လာကြောင်းလောင်းလုံး ပကဖမှတာဝန်ရှိသူတစ်ဦးကလူထုနွေဦးသို့ပြောသည်။