အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က နိုင်ငံတကာဆီ ပို့ဆောင်တဲ့ အမေရိကန် အထောက်အပံ့တွေကို ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ခြင်းနဲ့အတူ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေကို ရပ်ဆိုင်းထားလိုက်ရကြောင်း ကရင် ဒုက္ခသည်များကော်မတီ(KRC)ကပြောပါတယ်။
ဇန်နဝါရီ ၂၇ ရက်နေ့ကစလို့ ထိုင်းဖက်ခြမ်းရော၊ မြန်မာဖက်ခြမ်းမှာပါ ရှိနေတဲ့ ဒုက္ခသည် စခန်းတွေမှာ ဆေးရုံတွေကို ပိတ်ခဲ့ရပြီး အရေးပေါ် လူနာတွေကလွဲလို့ တခြားလူနာတွေကို ဆေးရုံဆင်းစေခဲ့ရသလို ပြင်ပလူနာ အသစ်တွေကိုလည်း လက်မခံနိုင်တော့ဘူးလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ၊တက်ခ်ပြည်နယ်ထဲမှာရှိတဲ့မယ်လဒုက္ခသည် စခန်းနဲ့ တခြားစခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ ပေးနေတဲ့ နိုင်ငံတကာကယ်ဆယ်ရေး ကော်မတီ (IRC)ဟာ အထောက်အပံ့ ရရှိမှုတွေ ရပ်ဆိုင်းခြင်းနဲ့အတူ အမျိုးသမီးတွေ၊ သားသည်မိခင်တွေ၊ ရောဂါဝေဒနာ အပြင်းအထန် ခံစားနေရသူတွေ၊ အရေးပေါ် လူနာတွေ၊ နာတာရှည် လူနာတွေ၊ တီဘီ၊ သွေးတိုး နဲ့ ဆီးချိုရောဂါသည်တွေ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသူတွေအတွက် ပုံမှန် ပေးအပ်နေတဲ့ ဆေးဝါး အထောက်အပံ့နဲ့ ကျန်းမာရေး ဝန်ဆောင်မှု အားလုံး ရပ်နားထားခဲ့ရပါတယ်။

ဆေးရုံတွေရဲ့ အတွင်းလူနာဌာန၊ ပြင်ပလူနာ ဌာနတွေမှာဝန်ထမ်းတွေကင်းမဲ့သွားပြီ ဖြစ်တာကြောင့်လည်း ဆေးရုံတွေ လည်ပတ်ဖို့ မဖြစ်နိုင်တော့ကြောင်း IRCက ပြောပါတယ်။ IRC လက်ခံရရှိနေတဲ့ အထောက်အပံ့တွေဟာ ထရမ့်ရဲ့အမိန့်ကို အကြောင်းပြုပြီးရပ်တန့်သွားခြင်းနဲ့အတူ အခုလို အခြေအနေတွေ ဖြစ်ပေါ်လာပြီး နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ကျန်းမာရေး ပြဿနာတွေ မြင့်တက်လာဖွယ် ရှိနေပါတယ်။

Public Service Announcement
ကရင်သတင်းဌာန (KIC)ကတော့ နို့ဖိုး ဒုက္ခသည် စခန်းက ဆေးရုံဝန်ထမ်း တစ်ဦးကို ကိုးကားပြီး ဆေးရုံတွေဟာ လူနာတွေကို ပြန်ခိုင်းလိုက်ကြောင်း၊ အခုလအတွက် ကျန်းမာရေး ဝန်ထမ်းတွေ လစာ မရတော့သလို ဘယ်အချိန်မှ ပြန်ရမလဲ ဆိုတာလည်း မသေချာကြောင်း၊ လက်ရှိမှာတော့ IRC လက်အောက်ခံ ဌာန အားလုံးကို အလုပ်တွေ ရပ်နားထားတယ်လို့ပဲ အကြောင်းကြားထားကြောင်း ဖော်ပြခဲ့ပါတယ်။
ကျန်းမာရေး ဝန်ဆောင်မှုတွေ ရပ်ဆိုင်းတဲ့ ကိစ္စဟာ အရေးပေါ် လူနာတွေကလွဲလို့ နယ်စပ် စခန်းတွေမှာ ဆေးရုံတက်နေတဲ့ လူနာအားလုံးအပေါ် လွှမ်းခြုံ သက်ရောက်မှု ရှိမယ်လို့လည်း သိရပါတယ်။
KICက မယ်လနဲ့ နို့ဖိုးတို့ အပါအဝင် ဒုက္ခသည် စခန်းအားလုံးမှာ ဆေးရုံတွေ လုပ်ငန်း လည်ပတ်မှု ရပ်တန့်သွားတဲ့နောက် ဇန်နဝါရီ ၂၇ ရက်နေ့ကစလို့ ဆေးရုံတွေမှာ ဆရာဝန်နဲ့ ရက်ချိန်းယူထားတဲ့ လူနာတွေပါ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ခံယူလို့ မရဘဲ ဖြစ်ခဲ့တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မှာ ဒုက္ခသည် စခန်း ၉ ခု ဖွင့်လှစ်ထားပြီး စုစုပေါင်း ဒုက္ခသည် ( ၉၀,၀၀၀) ဝန်းကျင် မှီခို နေထိုင်နေကြသလို ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ စခန်းတွေ လည်ပတ်နေကြောင်း သိရပါတယ်။
ကိုးကား-Transborder News
