ဟန်နွေ/People’s Spring
ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (iFEC)အနေဖြင့် ယခုကာလမှစ၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းလာသည်အထိ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို ပြည်ထောင်စုတဝှမ်း ကျင့်သုံးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။
ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ(iFEC) ဖွဲ့စည်းသည့်အပေါ် ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်း အသိအမှတ်ပြုစာလွှာကို ယာယီသမ္မတက ယနေ့(ဇန်နဝါရီ ၂၉ရက်)ထုတ်ပြန်ခဲ့ရာ အထက်ပါအတိုင်းတိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ (FDEP)ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ၂၀၂၃ မေလ ၈ ရက်တွင် အတည်ပြုကြေညာခဲ့ပြီး ၂၀၂၄ ဒီဇင်ဘာ ၃ရက်တွင် ကြားကာလဖက်ဒရယ်ပညာရေးကောင်စီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement
ထိုသို့ဖွဲ့စည်းရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်နယ်/ဖက်ဒရယ်ယူနစ် ပညာရေးဌာနများ၊ တိုင်းရင်းသားအခြေပြု. ပညာရေးဌာနများ၊ ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများနှင့် ပညာရေးဆိုင်ရာ ပညာရှင်များ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။
ယင်းသို့ဖွဲ့စည်းလိုက်သည့်အတွက် ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်းလည်း ယာယီသမ္မတ၏ အသိအမှတ်ပြုစာလွှာတွင် ဖော်ပြထားသည်။
NUG ပညာရေးဝန်ကြီးဌာနက ကြားကာလဖက်ဒရယ်ပညာရေးကောင်စီတွင် ပါဝင်သော အစုအဖွဲ့များအား အသိပေးထားရာ ဖက်ဒရယ်ပြည်ထောင်စုအဆင့် ပညာရေးဝန်ကြီးဌာန၊ ဖက်ဒရယ်ယူနစ် ၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်ပညာရေး (ဝန်ကြီး)ဌာနများ၊ တိုင်းရင်းသား ဒေသအခြေပြု ပညာရေးဌာနများ၊ ပြည်ထောင်စုအဆင့် ဖက်ဒရယ်အဆင့် ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ ပညာရှင်များ၊ အသိပညာရှင်များ၊ အတက်ပညာရှင်များ၊ လူနည်းစု ပညာရေးအဖွဲ့အစည်းများ ပါဝင်သည်ကို တွေ့ရသည်။
