People’s Spring
အိမ်နီးချင်းမြန်မာနိုင်ငံဖက်ခြမ်းနယ်စပ်ဧရိယာ တချို့ကို လျှပ်စစ်ဓါတ်အား ထောက်ပံ့ပေးထားတဲ့ အခြေအနေတွေကို ပြန်လည်စစ်ဆေးဖို့ လုံခြုံရေး အာဏာပိုင်တွေဆီ တောင်းဆိုခဲ့တဲ့အပေါ် ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနက ရှင်းလင်းခဲ့ပါတယ်။
ပြည်ထဲရေး ဝန်ကြီး အညူတင် ချာဗီရာကူလ်က အဲဒီလို စစ်ဆေးပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ စာရေးသား တောင်းဆိုခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးခွန်းကို ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နဲ့ ပြည်နယ်အလိုက် လျှပ်စစ် စီမံခန့်ခွဲရေးဌာန (PEA)ရဲ့ညွှန်ကြားရေးမှူး အန်ဆစ် ဆမ်ဖန်တာရတ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တုံ့ပြန် ဖြေကြားခဲ့တာပါ။
သူ့ရဲ့ စာထဲမှာတော့ အညူတင်က မြန်မာနိုင်ငံဆီ ထိုင်းဖက်ကနေ ဓါတ်အား ထောက်ပံ့ပေးထားတဲ့ နေရာ ၅ ခုရဲ့ အခြေအနေတွေကို သေသေချာချာ ပြန်လည် စစ်ဆေးပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကိုတောင်းဆိုထားတာ ဖြစ်ပါတယ်။ အဲဒီ ဓာတ်အားဖြန့်ဖြူးပေးထားရာ နေရာတွေထဲက တစ်ခုခုနဲ့ ဆက်စပ်ပြီး နယ်စပ် အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ အပါအဝင် ဒုစရိုက် အစုအဖွဲ့တွေက ဓါတ်အားချိတ်ဆက် အသုံးပြုနေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ရင် သက်ဆိုင်ရာ ဧရိယာဆီ ဓါတ်အား ဖြန့်ဝေမှု ပိတ်သိမ်းဖို့အတွက် အခုလို စစ်ဆေးစေချင်တာလို့ ဝန်ကြီးက စာထဲမှာ ရေးသားထားပါတယ်။
အန်ဆစ်ကတော့အိမ်နီးချင်းနိုင်ငံတစ်ခုဆီဓါတ် အားကူညီ ဝေမျှ ဖြန့်ဖြူးပေးတယ် ဆိုတာဟာ လုံခြုံရေးနဲ့ လူသားချင်းစာနာမှုရှုထောင့် နှစ်ခုစလုံးကနေ ချဉ်းကပ်ပြီး ကျင့်သုံးတဲ့ ထိုင်းအစိုးရရဲ့ မူဝါဒ တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။ သူက အဲဒီဓါတ်အားဖြန့်ဖြူးရာနေရာ ၅ ခုထဲမှာဒုစရိုက် ဂိုဏ်းတွေက ဓါတ်အား ခိုးသုံးနေသလား ဆိုတာကိုတိတိကျကျ စုံစမ်းရာမှာ သာမန် အရပ်သားတွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုသက်ရောက်ထိခိုက်စေနိုင်တဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိလာနိုင်တာကို သတိထား ကိုင်တွယ်ဖို့ လိုတယ်လို့လည်း ဝန်ခံခဲ့ပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာနဟာ ပြည်တွင်း လုံခြုံရေး မူဝါဒတွေနဲ့ ပတ်သက်ပြီး အဓိက တာဝန်ရှိသလို PEAဟာ ဝန်ကြီးဌာနရဲ့ စီမံကွပ်ကဲမှုအောက်မှာ ရပ်တည်ရင်း နောက်ထပ် ဘယ်လို အရေးယူမှုတွေ လုပ်ဆောင်သင့်သလဲ ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ တိကျတဲ့ အချက်အလက်တွေ လိုအပ်ကြောင်း အန်ဆစ်က ဆိုပါတယ်။ သက်ဆိုင်ရာ လုံခြုံရေး အာဏာပိုင်တွေနဲ့ ဆက်သွယ် ဆောင်ရွက်တယ် ဆိုတာကလည်း PEAရဲ့ ပုံမှန် လုပ်ထုံးလုပ်နည်း တစ်ခုလို့ ပြောနိုင်ကြောင်း အန်ဆစ်က မှတ်ချက် ပေးသွားပါတယ်။
ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေဟာ အိမ်နီးချင်းနိုင်ငံရဲ့ ဓါတ်အား ပံ့ပိုးမှုကို ရရှိနေတယ်လို့ထိုင်းကိုတိုက်ရိုက်နာမည်မတပ်ဘဲ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေက စွပ်စွဲထားခဲ့ပြီး ထိုင်းအစိုးရကတော့ မြန်မာဖက်ခြမ်းက အဲဒီ ဒုစရိုက် အစုအဖွဲ့တွေ ထူထပ်တဲ့ ရွှေကုက္ကိုနဲ့ KK Parkတို့လို နေရာတွေဆီ ဓါတ်အား တိုက်ရိုက် ဖြန့်ဖြူးပေးနေဆဲ ဆိုတာကို ငြင်းဆိုထားခဲ့ပါတယ်။
ကိုးကား: Bangkok Post
