ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရသော ပြည်သူတစ်ဦးက သေနတ်နှစ်လက်နှင့် ကျည်များယူဆောင်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- CHU PDF မှ တာဝန်ရှိသူ ကိုသန့်ကက လူထုနွေဦးသို့ပြောသည်။
ချောင်းဦးမြို့နယ်ရှိ စစ်ကောင်စီအထိုင်စခန်းတစ်ခုတွင် ဖမ်းဆီးခံထားရသော ပြည်သူတစ်ဦးသည် G-3 နှစ်လက်၊ ကျည်ဘောက် လေးဘောက်နှင့် ၇.၆၂ကျည် ၁၀၀ကျော် ယူဆောင်ခဲ့သည်ဟု ဆိုသည်။
“သူကျွန်တော်တို့ဆီ ဆက်သွယ်ပြီးဝင်လာတဲ့ရက်ကတော့ နည်းနည်းကြာပြီ။သူ့လုံခြုံရေးအရ ချက်ချင်း မဖော်ပြတာ။ပြီးတော့ အထိုင်စခန်းကိုလည်း ထည့်မဖော်ပြတာဗျ။အခုတော့ သူက လက်နက် တွေကျွန်တော်တို့ဆီအပ်ပြီး သူ့ စိတ်ကြိုက်နေရာကို ရောက်ရှိသွားပါပြီ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
လက်နက်များယူဆောင်လာခဲ့သူကို ချောင်းဦး PDFက ဆုငွေကျပ်သိန်းတစ်ရာချီးမြင့်ခဲ့ကြောင်းလည်း အသိပေးသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ချောင်းဦးမြို့နယ်၌ အထိုင်စခန်းအချို့၏ တပ်တည်၊ တပ်လှုပ်ရှားမှုများပြောင်းလဲနေကာ အင်အားဖြည့်တင်းနေသည်ဟု ကိုသန့်က ပြောသည်။
ထို့ကြောင့် မုံရွာ-မန္တလေးလမ်းမကြီးအသုံးပြုသူများနှင့် လမ်းဘေးဝဲယာ ကျေးရွာများ၌ ပေါ်တာဆွဲခြင်း ၊ ဓါးစာခံဖမ်းခြင်းများ ပြုလုပ်နိုင်ခြေရှိကြောင်းလည်း သတိပေးသည်။
