ကျော်ဇော/People’s Spring
စစ်ကိုင်းတိုင်း၊ မင်းကွန်းနယ်မြေရဲစခန်းသို့ အသစ်ပြောင်းရွှေ့လာသည့် စခန်းမှူးရဲအုပ်မြင့်လွင်အား စခန်းအပြင်ထွက်လာစဥ် လက်ရဖမ်းဆီးခဲ့ရာ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
မင်းကွန်းနယ်မြေရဲစခန်းသို့ ရာထူးတိုးနှင့် ပြောင်းရွှေ့လာသည့် ရဲအုပ်မြင့်လွင်သည် ဖေဖော်ဝါရီ ၁၀ ရက်က မိသားစုထံ ခေတ္တပြန် လာစဥ်နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ရာ အဖမ်းမခံဘဲ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ အသေဖမ်းမိခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။
“ကျွန်တော်တို့ အိမ်ထဲကိုဝင်တဲ့အချိန်မှာ သူကထွက်ပြေးဖို့ကြိုးစားလို့ ပစ်ခံလိုက်ရတာပေါ့နော်။ အားလုံး ၁၅ချက်လောက်ပါဗျ”ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီး ၁နာရီခန့်အကြာတွင် မင်းကွန်းစခန်းမှ စစ်ကောင်စီတပ်သား အင်အား ၃၀ခန့် အခင်းဖြစ်နေရာသို့ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုအချို့ လုပ်ဆောင်သည်မှလွဲ၍ ထူးခြားလှုပ်ရှားမှုမတွေ့ရကြောင်း ၎င်းက ဆက် ပြောသည်။
စစ်ကောင်စီ၏ နယ်မြေရဲစခန်းမှူးပစ်ခတ်ခံရသည့်နေရာသည် စခန်းတည်နေရာနှင့် (၁)မိုင်ဝန်းကျင်ခန့်သာဝေးပြီး စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော တော်လှန်ရေးရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းတပ်ဖွဲ့များထံမှ သိရသည်။
အထက်ပါ စစ်ရေးဖော်ဆောင်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Road To Mandalay အဖွဲ့သားများနှင့် Royal Falcon (Sadaung Falcon )တို့ ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
