ဟန်နွေ/People’s Spring
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိထန်းပင်ကုန်းကျေးရွာ စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သား အောင်တင်မြင့် ကဖေဖော်ဝါရီ၁၇ရက် မနက်တွင်အလင်းဝင်လာကြောင်းသာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅က သတင်းထုတ်ပြန် သည်။
အောင်တင်မြင့် သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ ကားစီးလာစဉ် အုတ်ဖိုတာဆုံ စစ်ဆေးဂိတ်၌ စစ်ဆေး ဖမ်းဆီးခံရပြီး အတင်းအဓမ္မခြိမ်းခြောက် စစ်သားစုဆောင်းခံရခြင်းဖြစ်သည်ဟုဆိုသည်။
စစ်တပ်ထဲမဝင်ပါက ထောင်၅နှစ် ချမည်ဟု ခြိမ်းခြောက်ခံရ၍ စစ်မှုထမ်းအပတ်စဉ် (၆) တပ်သား အဖြစ် ဝင်ရောက်ခဲ့ရကြောင်း အလင်းဝင်လာသူကပြောဆိုသည်ဟု အသိပေးသည်။

Public Service Announcement
“လက်နက်မပါလာဘူး။သူက ကျန်တဲ့စခတွေအလစ်မှာထွက်ပြေးလာတာ။”ဟု PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ(၅) တာဝန်ရှိသူကပြောသည်။
အလင်းဝင်လာသည့်တပ်သားက တော်လှန်ရေး၌ဆက်လက်ပါဝင်လိုသည်ဟုပြောဆိုသည်ဟု ဆိုသည်။
“ခုအလင်းဝင်လာသူက ရခိုင်လူမျိုးပါ။သူ့အနေနဲ့ တော်လှန်ရေးမှာပါဝင်သွားဖို့ ဆန္ဒရှိနေပါတယ်။AAနဲ့ချိတ်ဆက်ရရင်အဲ့ကိုသွားချင်တယ်ပြောပါတယ်။အလင်းဝင်လာသူတွေကို သူတို့ဆန္ဒသဘောထားအရ လုပ်ဆောင်ခွင့်ပေးထားပါတယ်။MOD တာဝန်ရှိသူတွေဆီတင်ပြပြီး ချိတ်ဆက်ပေးသွားဖို့ရှိပါတယ်”ဟု တပ်ရင်း ၃၈၀၂ တပ်ခွဲ(၅) တာဝန်ရှိသူကပြောသည်။
ပြည်သူလူထုအား အမျိုးမျိုး ဒုက္ခပေးနေသော ဝရမ်းပြေး စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်တွင် တာဝန်ထမ်း ဆောင်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အလင်းဝင်ကြရန်လည်း PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ(၅)က ထုတ်ပြန်ထားသည်။ လက်နက်နှင့်အတူ အလင်းဝင်လာပါက ထိုက်တန်စွာ ချီးမြင့်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
“ဝရမ်းပြေးမင်းအောင်လှိုင် လက်အောက်ကနေရုန်းထွက်ပြီး အလင်းဝင်ကြပါ”ဟုလည်း PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ(၅)တာဝန်ရှိသူကတိုက်တွန်းသည်။
