ယာဉ်ပေါ်ပါရှိသည့် စစ်ကောင်စီတပ်သား ၉ဦးသေဆုံးဟု ပြည်ခရိုင် တပ်ရင်း(၃၆၀၁)ပြော
ကျော်ဇော၊ကဖေး/People’s Spring
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းလာပို့သည့် စစ်တပ်ယာဥ်နှစ်စီးအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်စီးမီးလောင်ပေါက်ကွဲခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း(၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က ပြော သည်။
ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၅ နာရီ ၄၀မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့ဘက်သို့ ဖောကားနှစ်စီးဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်းလာပို့သော စစ်ကောင်စီတပ်ထောက်ပို့ယာဥ်နှစ်စီးအား ပြည် – ပေါင်းတလည်မြို့နယ်ကြား တောင်ဆင်းဝဂွေအနီး မိုင်တိုင်(၁၆)၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

Public Service Announcement
တိုက်ခိုက်မှုကြောင့် ယာဥ်နှစ်စီးနှင့် အတူလိုက်ပါလာသည့် စစ်ကောင်စီတပ်သားကိုးဦး နေရာတင် ပွဲချင်းပြီးသေဆုံး၍ ကားပေါ်တင်လာသော ဆီပေပါထပေါက်ရာမှ ခဲယမ်းများ ထပ်မံပေါက်ကွဲရာ ကားတစ်စီး မီးလောင်ပျက်စီးသွားကြောင်း တပ်ရင်းတပ်ရင်း(၃၆၀၁)မှ ပြန်ကြာရေးတာဝန်ခံက ပြောသည်။
“နှစ်းစီးစလုံးမှာပါတဲ့ စခအကုန်လုံးသေတယ်ခင်ဗျ။ ဘယ်တစ်စီးမှ မောင်းထွက်မသွားနိုင်ဘူး”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။
ဆီပေပါများပွင့်မီးလောင်ပြီး၍ လက်ပစ်ဗုံး၊ ကျည်နှင့် အခြား(၄၀)မမ အသီးများပေါက်ကွဲမှုကြောင့် ကားအနီးကပ်မရဖြစ်ကာ မီးလောင်နေသော လက်နက်များကို သိမ်းဆည်း၍မရခဲ့ဘဲ မီးမကူးသေးသည့်နေရာမှ လက်ပစ်ဗုံးတစ်လုံးနှင့် ကျည်အချို့ကိုသာ သိမ်းဆည်းရရှိခဲ့ကြောင်း တပ်ရင်း(၃၆၀၁)က အသိပေးသည်။
“ည ၈ နာရီလောက်ကျမှ အလောင်းတွေနဲ့ ကားနှစ်စီး လာစွဲသွားတယ်။ ရှင်းလင်းရေးလုပ်တယ်။ စခ အလောင်းတွေကို ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံကို ပို့လိုက်တယ်လို့ သိရပါတယ်”ဟု တိုက်ခိုက်မှုနောက်ဆက်တွဲအခြေအနေကို ရဲဘော် Shadow က ရှင်းပြသည်။
” မြို့အဝင်မှာ ချတာ။ မြို့နဲ့ တစ်မိုင်သာသာပဲ ဝေးတယ်။ သေတဲ့ ကောင်တွေကို ချတွင်းချင်း လာသယ်တယ်။ ဒီမနက်တော့ မြို့အဝင်အထွက်ကို ပိတ်စစ်နေတယ”ဟု ပေါက်ခေါင်းမြို့ခံတစ်ဦးက ပြောသည်။
အခြားမြို့ခံတစ်ဦးကလည်း”ကားမီးလောင်တော့ လက်နက်ခဲယမ်းတွေပါ ပေါက်ကွဲတာ။ ဆီပေပါတွေ ပေါက်ကွဲတာ အကျယ်ကြီးတွေကြားရတယ်။ ညနေဘက်အပြင် ညမှာလည်း တိုက်ပွဲထပ်ဖြစ်တယ်” ဟု ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များအနေဖြင့် စစ်ရေးအရှိန်မြှင့်တင်နေပြီဖြစ်ရာ ပြည်သူများအနေနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စားနပ်ရိပ်ခါပစ္စည်းများသယ်ဆောင်ရန် ဆိုင်ကယ်၊ ကား စသည်တို့ကိုငှားရမ်းခြင်း၊ ကုန်ပစ္စည်များကိုတင်ဆောင်၍ လိုက်ပို့ခြင်းများ မပြုလုပ်ကြရန် အသိပေးသည်။
ထိုသို့လုပ်ဆောင်ခြင်းများပြုလုပ်၍ တစုံတရာဖြစ်ပေါ်လာပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် တာဝန်ယူဖြေရှင်းသွားမည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်ဟု တပ်ရင်း ၃၆၀၁ က ထုတ်ပြန်ထားသည်။


















































