Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးဖြင့် ခုခံနေဟု KIA အသိပေး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များက ဗန်းမော်မြို့အပြီးသတ် သိမ်း ပိုက်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက် နက်ကြီး၊ ဒရုန်းများဖြင့် အဆက်မပြတ် ခုခံတိုက်ခိုက်နေကြောင်း KIAသတင်းပြန်ကြားရေးဌာနကဖေဖော်ဝါရီ ၁၉ရက် ညပိုင်း၌ ဖော်ပြသည်။

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များက ဗန်းမော်မြို့အပြီးသတ် သိမ်း ပိုက်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက် နက်ကြီး၊ ဒရုန်းများဖြင့် အဆက်မပြတ် ခုခံတိုက်ခိုက်နေကြောင်း KIAသတင်းပြန်ကြားရေးဌာနကဖေဖော်ဝါရီ ၁၉ရက် ညပိုင်း၌ ဖော်ပြသည်။

ဗန်းမော်မြို့ရှိ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပါအဝင် လက်ကျန် စစ်ကောင်စီစခန်းများကို KIAက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စကခ(၂၁)နှင့် ခလရ(၂၃၆)တပ်ရင်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်နေသည်ဟု အသိပေးသည်။

ခလရ(၂၃၆)တပ်ရင်းကို ဖေဖော်ဝါရီ ၁၈ရက်တွင် သိမ်းပိုက်နိုင်ပြီးဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ဖေဖော်ဝါရီ ၁၉ရက် တွင် ပြောသည်။

Public Service Announcement

Public Service Announcement

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက”အပြီးမရသေး”ဟု ခလရ (၂၃၆)တပ်ရင်းသိမ်းရသည့် သတင်းအပေါ် ယမန်နေ့ ညပိုင်း၌ ပြောသည်။

အဆိုပါ ခလရ(၂၃၆)တပ်ရင်းဌာနချုပ်ကို ယနေ့ ဖေဖော်ဝါရီ ၂၀ရက် နံနက် ၈နာရီခန့်မှသာ အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းလည်း KIA၏ စစ်ရေးအောင်ပွဲသတင်းများ ပုံမှန်ဖော်ပြနေသည့် သတင်းရင်းမြစ်တစ်ဦးက ယနေ့ နံနက်တွင် လူမှုကွန်ရက်၌ ရေးသားထားသည်။

ထို့ပြင် လေယာဉ်ကွင်းကိုလည်း လုံး၀ သိမ်းပိုက် လိုက်ပြီဟု အသိပေးထားသည်။

စစ်ကောင်စီအနေဖြင့် ဗန်းမော်မြို့တိုက်ပွဲ၌ သာမိုဘာရစ်ဗုံး(Thermobaric Bomb)များကို အသုံးပြု တိုက်ခိုက်နေကြောင်း ၎င်းက ပြောသည်။

အဆိုပါ သာမိုဘာရစ်ဗုံးများကို Y12 လေယာဉ်ပေါ်မှ ပစ်ချတိုက်ခိုက်နေခြင်းဖြစ်ကြောင်းလည်း သတင်းရင်းမြစ်က ရှင်းပြသည်။

” ဒီဗုံးက အဆိပ်ဖုန်မှုန့်တွေကို ထစေတယ်။ လေထုကိုဆွဲယူပြီး အဆိပ်ငွေ့အဖြစ် ပြန်တွန်းထုတ်စေတယ်။ ရှူရှိုက်သူတွေ အဆုတ်ကိုအကြီးအကျယ်ထိခိုက်ကာ နာတာရှည်ရောဂါဖြစ်စေတယ် လို့လေ့လာရပါတယ်”ဟုလည်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

သာမိုဘာရစ်ဗုံးများနှင့်ပတ်သက်၍ စစ်လက်နက် များအကြောင်း လေ့လာရေးသားဖော်ပြနေသည့် Tactical Raptor ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ တာဝန်ရှိသူ တစ်ဦးအားမေးမြန်းရာ အဆိုပါ Thermobaric လက်နက် အမျိုးအစားတွေ‌ကို လက်ပစ်ဗုံး၊ RPG ထိပ်ဖူး၊ အတွဲလိုက်ဒုံး၊ လေယာဉ်ဗုံး မျိုးစုံ ထုတ်လုပ်ထားခြင်းရှိကြောင်း ရှင်းပြသည်။

” ဒီလက်နက်အမျိုးအစားက ယမ်းမပါပေမယ့် လောင်စာဆီပါပြီး လေထဲက အောက်စီဂျင်နဲ့ ဓါတ်ပြုပြီး ပေါက်ကွဲတာပါ။ ပေါက်ကွဲရင် pressure wave တွေထွက်လာပြီး အဆောက်အဦးထဲ ခိုအောင်းနေတာမျိုးကို တိုက်ခိုက်ရင် ထိရောက်မှုကောင်းတယ်။ပထမလောက်ကိုင်စစ်ပွဲမှာကတည်းက တရုတ်ထုတ် CS/BBF-1 အမျိုးအစား thermobaric bomb တွေ စစ်တပ်ကနေ သုံးခဲ့တယ်လို့ ဖော်ပြထားတဲ့ သတင်းအချို့လဲ ရှိထားပါတယ်။” ဟု Tactical Raptor မှ တာဝန်ရှိသူက ပြောသည်။

CDM အရာရှိ ဗိုလ်ကြီးဇင်ယော်ကလည်း ခြေလျင်တပ်များ၌လည်းThermobaric လက်နက်သည် လေကွဲအမျိုးအစား ဖြစ်ပြီး ခြေလျင်တပ်များကိုလည်း MA -10 လက်နက်အတွက် လေကွဲ ဗုံးသီးများကို ထုတ်ပေးကြောင်း ပြောပြသည်။

” သူက ကြားထဲမှာရှိ အောက်စီဂျင်ကိုဖြတ်တောက်ပြီးတော့ ပေါက်ကွဲတာပေါ့။ နားစည်တွေဘာတွေ ကွဲသွားတဲ့အ နေအထားမျိုးထိရောက်တယ်လို့ သိရပါတယ်။…။ လေကြောင်းကနေ ချတာတော့ ဘယ်လိုစနစ်နဲ့ကွဲလည်းဆိုတာ ကျနော်လေ့လာနေဆဲရှိပါသေးတယ်”ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

စစ်ကောင်စီသည် ကချင်ပြည်နယ်စစ်ရေးအတွက်အရေးပါသည့် စကခ(၂၁) တပ်စခန်းအပါအဝင် ဗန်းမော်မြို့အခြေစိုက်တပ်များမကျရေးအတွက် လေကြောင်းမှ အပြင်းအထန် ပစ်ကူပေး ခုခံတိုက်ခိုက်နေသည့်အပြင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကချင်ပြည်နယ်ရှိ အခြားမြို့ရွာများရှိ ပြည်သူများကိုလည်း ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူသေဆုံးထိခိုက်မှုများယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။