Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်ကောင်စီနှင့် ICNCC/ချင်းညီနောင်အကြား သဘောတူညီချက်ရရှိမှုအပေါ် ဂုဏ်ပြုကြောင်း NUG သဝဏ်လွှာပို့

ချင်းပြည်(Chinland)ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) တို့အကြား ချင်းအမျိုးသားညီညွတ်ရေးသဘောတူညီချက်များရရှိခဲ့ခြင်းအပေါ်ကြိုဆိုဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့ (ဖေဖော်ဝါရီ ၂၇ရက်) သဝဏ်လွှာပေးပို့ခဲ့သည်။

■သဘောထားကွဲလွဲမှုရှိသော်လည်း ငြိမ်းချမ်းစွာညှိနှိုင်းအဖြေရှာနိုင်မှုသည် စံပြုထိုက်ဖွယ်ဖြစ်ဟုဖော်ပြ

ဟန်နွေ/People’s Spring

ချင်းပြည်(Chinland)ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) တို့အကြား ချင်းအမျိုးသားညီညွတ်ရေးသဘောတူညီချက်များရရှိခဲ့ခြင်းအပေါ်ကြိုဆိုဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့ (ဖေဖော်ဝါရီ ၂၇ရက်) သဝဏ်လွှာပေးပို့ခဲ့သည်။

ချင်းအမျိုးသားနိုင်ငံရေး ဦးဆောင်အဖွဲ့များဖြစ်ကြသည့် ချင်းပြည် (Chinland)ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)တို့အကြား သဘောတူညီချက်များ ရယူနိုင်ခဲ့ပြီး ချင်းပြည်သူတစ်ရပ်လုံးကို လွှမ်းခြုံကိုယ်စားပြုမည့် “ချင်းအမျိုးသားကောင်စီ” ဟူသော ကောင်စီတစ်ရပ် တည်ထောင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၆ရက်တွင် ပူးတွဲကြေညာခဲ့သည့်အပေါ် ယခုကဲ့သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကောင်စီနှစ်ရပ်၏ သဘောတူညီချက်တွင် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန်သဘောတူညီ ခဲ့ကြခြင်းမှာလည်း ချင်းအမျိုးသားတစ်ရပ်လုံးနှင့် အနာဂတ်ပြည်ထောင်စုအတွက် အတိုင်းထက် အလွန် ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း NUGက အသိအမှတ်ပြုသည်။

အယူအဆ၊ သဘောထားကွဲလွဲခဲ့မှုများ ရှိခဲ့သော်လည်း ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်း အဖြေရှာခဲ့သည့် ချင်းနိုင်ငံရေးဦးဆောင်အဖွဲ့နှစ်ခု၏ နိုင်ငံရေးသဘောထားကြီးမှုသည် ပြည်သူ့နွေဦး တော်လှန်ရေးတွင် ပါဝင်နေသော တော်လှန်ရေးအင်အားစုများအတွက် ဒီမိုကရေစီအလေ့ အကျင့်ကောင်းအဖြစ် အလေးအနက် စံပြုထိုက်ဖွယ် ဖြစ်ကြောင်းလည်း သဝဏ်လွှာ၌ ဖော်ပြသည်။

အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေမည့် အဆုံးသတ်တော်လှန်ရေးကို ဆင်နွှဲရာ၌ တော်လှန်ရေးအင်အားစုများအကြား၊ လူမျိုးစုများအကြား နားလည်ယုံကြည်မှု၊သဘောထားကြီးမှုနှင့် အားကောင်းသည့် စုစည်းညီညွတ်မှုများ ခိုင်မာစွာတည်ရှိနေရန် လိုအပ်သည်ဟု ယုံကြည်ကြောင်းလည်းဖော်ပြသည်။

ချင်းအမျိုးသားနိုင်ငံရေးဦးဆောင်အဖွဲ့များ စည်းလုံးညီညွတ်စွာ ပေါင်းစည်းပြီး “ချင်းအမျိုးသားကောင်စီ” အုတ်မြစ်အား ခိုင်မာမြဲမြံစွာ ချမှတ်နိုင်ခဲ့မှုမှအစပြု၍ ချင်းပြည်သူ တစ်ရပ်လုံးအတွက် တရားမျှတမှု၊လွတ်လပ်မှု၊တန်းတူညီမျှမှု၊ ကွဲပြားစုံလင်မှုအပေါ် လက်ခံနိုင်မှု စသည်တို့အား အခြေခံသည့် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်သည့်တိုင်အောင် အတူတကွ လက်တွဲချီ တက်ရန် စိတ်အားထက်သန်မှု အပြည့်ဖြင့်မျှော်ရည်မှန်းလျက်ရှိဟုလည်း NUGက သဝဏ်လွှာပေးပို့ခဲ့သည်။

ချင်းပြည်(Chinland)ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)တို့မှ ကိုယ်စားလှယ်များသည် ပြီးခဲ့သည့်အပတ်က အန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်၌ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် ပေါင်းစည်းမှု အောင်မြင်ရေးအတွက် ဆက်လက်ဆွေးနွေးရမည်ဖြစ်ရာ အာရက္ခတပ်တော် (AA)နှင့် မဟာမိတ်ကိစ္စသည် အဓိကဆွေးနွေးရမည့် အကြောင်းအရာဖြစ်သည်ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။ လက်ရှိတွင် ချင်းညီနောင်/ICNCCသည်AAနှင့် မဟာမိတ်အဖြစ် ပြုလုပ်ထားသည်။

“ပြီးရင်ပုဂ္ဂိုလ်အရမတည့်တာတွေရှိနိုင်တယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်အရတော့ နားလည်လို့ရတယ်။ ဒါပေမဲ့ဘယ်သူမဆို ချင်းပြည် စည်းလုံးညီညွတ်ဖို့လိုတဲ့အတွက်ကြောင့် CB ဘက်ပဲဖြစ်ဖြစ် CC ဘက်ပဲဖြစ်ဖြစ် ကျနော်သိနိုင်သလောက်ဆိုရင်တော့ သူတို့ ပူးပေါင်းချင်တာပေါ့။ အဲဒါကြောင့် ဒါပေမဲ့ အခုက စောသေးတယ် ပထမအကြိမ်ပဲ ဖြစ်သေးတယ်။ ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတော့ သူတို့ CC ဘက်လည်းပြန်ဆွေးနွေးမယ်ထင်တယ် ICNCC/CB အနေနဲ့လည်း ပြန်ဆွေးနွေးမယ်ထင်တယ်။ အဲဒီနောက်ပိုင်း၂ကြိမ်၊ သုံးကြိမ်လောက်မှာဆိုရင် တကယ်ပူးပေါင်းနိုင်မလားဆိုတာ အဖြေပေါ်လာမှာဖြစ်ပါတယ်” ဟု ချင်းသတင်းရင်းမြစ်က သူ၏အမြင်ကိုပြောသည်။

AAနှင့် မဟာမိတ်ကိစ္စ ဆွေးနွေးညှိနှိုင်းနိုင်မည်ဆိုပါက ပေါင်းစည်းရေးအောင်မြင်နိုင်မည်ဟု ယူဆကြောင်း ၎င်းကသုံးသပ်ပြောကြားသည်။

ချင်းပြည်ကောင်စီနှင့် ICNCC/ချင်းညီနောင်အကြား သဘောတူညီချက်ရရှိမှုနှင့်ပတ်သက်၍ သဘောထားအမြင်များမေးမြန်းရန် ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်၊ ICNCC တာဝန်ရှိသူများကို ယမန်နေ့နှင့် ယနေ့တွင် ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်ကြားချက်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းတောင်ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အဖွဲ့ဝင်တပ်များ စုပေါင်းခုခံနေသည်ဟု ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF စီးယင်းစစ်ဦးစီးချုပ် ဦးထောင်းပူက ပြောကြားသည်။

သတင်း

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဇိုမီးတပ်(ZRA)က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်နိုင်မှုအပေါ် ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်ကောင်စီတို့က ထုတ်ပြန်သည်။